ကိုယ်စားလှယ်ဝင်ပြိုင်မယ့်နေရာ ပျက်ကွက်တဲ့အတွက် ခုံရုံးနဲ့ စစ်ဆေး

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်စည်သူ ကို တွေ့ရစဉ်
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်စည်သူ ကို တွေ့ရစဉ် (Photo: Dr. Khin Sithu/ Facebook)

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ဖို့ နောက်ကျခဲ့တာကြောင့် NLD ပါတီဗဟိုက ခုံရုံးဖွဲ့စစ်ဆေးခဲ့ပါတယ်။

ခုံရုံးဖွဲ့ စစ်ဆေးပြီးဖြစ်ပေမယ့် ဘယ်လိုအရေးယူမလဲဆိုတာ တရားဝင် အသိပေးတာ မရှိသေးဘူးလို့ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်စည်သူ က ပြောပါတယ်။

"ကျမဆီကို Viber နဲ့က ၂၉ ရက်နေ့ ရောက်တာပေါ့နော်။ ကျမက လွှတ်တော်တက်နေတာလေ။ အဲ့တော့ ဖရူဆိုမြို့နယ်ဥက္ကဌကို သူ့ကို Forward လုပ်ရတာပေါ့နော် ၃၀ ရက်နေ့ကို သူ့ကို Viber နဲ့ပို့တယ်။ ၆ ရက်နေ့ကျတော့ မင်းပို့ပြီးပြီလားလို့ ကျမက သူ့ကိုမေးလိုက်တယ်။ ဟာ ဆရာမကြီး ကျနော့်ကို မပို့ဘူးလေတဲ့။ ဟာပို့ပြီးပြီလေဆိုပြီး ကျမသူ့ကိုပို့တယ်။ ပြီးတော့ ၇ ရက်နေ့မနက် လွှတ်တော်တက်တော့ ပို့ပြီးပြီလား ၃ ခေါက်မြောက်ပြီနော်။ Viber နဲ့လည်းပို့တယ်။ Messenger နဲ့လည်းပို့တယ်။ မရဘူးဆိုပြီးသူထပ်ငြင်းပြန်ရော။"

လာမယ့်ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၈ ရက်နေ့ကနေစတင်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့အထိအပြီး တင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထား တာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဒီဇင်ဘာလ ၈ ရက်နေ့မှ တင်သွင်းခဲ့တဲ့အတွက် သတ်မှတ်ရက် ကို ကျော်လွန်သွားတာကြောင့် ကော်မရှင်က ပယ်ချခဲ့တာဖြစ်ပါတယ်။

အဲဒီတစ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့တဲ့အတွက် အန်အယ်လ်ဒီပါတီက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၁၈ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

NLD ပါတီဗဟိုက ဒေါက်တာမျိုးညွှန့်၊ ဦးဉာဏ်ဝင်းနဲ့ ဦးကျော်ဟိုး တို့ ပါဝင်တဲ့ ခုံအဖွဲ့ကို ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါတယ်။