ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေကို ဝင်စစ်မှာဖြစ်လို့ ပူးပေါင်းကြဖို့ NUG ထုတ်ပြန်

RFA Burmese
2023.11.18
ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေကို ဝင်စစ်မှာဖြစ်လို့ ပူးပေါင်းကြဖို့ NUG ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Kawlin Revolution – KR

[Update: 1: 40 PM, Nov 19, 2023]

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေကို ဝင်ရောက်စစ်ဆေးမှာဖြစ်လို့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ ရက်မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပုဂ္ဂလိကဘဏ်တွေအနေနဲ့ NUG ရဲ့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေရဲ့ လုံခြုံရေးစောင့်ရှောက်မှုပေးဖို့နဲ့ ပြည်သူပိုင်ဆိုင်မှုတွေ ဆုံးရှုံးနစ်နာမှုမရှိစေဖို့ ကြားကာလ ဗဟိုဘဏ်ကြေညာချက်အတိုင်း ဝင်ရောက်စစ်ဆေးမှာလို့ ဆိုပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေက တာဝန်ရှိသူတွေအနေနဲ့ ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ဆက်သွယ် ပူးပေါင်းကြဖို့လည်း NUG ဘက်က ပြောပါတယ်။

ကောလင်းခရိုင်၊ မြို့နယ်တွေမှာရှိတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြသူတွေအနေနဲ့ NUG က ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွင်း တာဝန်ထမ်းဆောင်နိုင်တယ် လို့လည်း ဆိုပါတယ်။

ဒီအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးကတော့ (NUG) ရဲ့ ဒီလိုဆောင်ရွက်မှုကို ဘဏ်တွေဘက်က တရားဝင်တုံ့ပြန်ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

"ဘဏ်တွေက NUG ကို တရားဝင် ပူးပေါင်းဆောင်ရွက်ပါမယ် ဆိုတာမျိုးက လက်ရှိအခြေအနေမှာတော့ လုပ်မှာမဟုတ်ဘူး။ လုပ်လို့လည်းမရဘူး။ တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က ရှိသေးတယ်။ လူသိရှင်ကြား မဟုတ်တဲ့ ပူးပေါင်းမှုမျိုးနဲ့ ဒီဒေသတွေမှာ ဘဏ်တွေကို ဘယ်လိုဆောင်ရွက်မလဲဆိုတာမျိုးတော့ ဖြစ်လာနိုင်ပါတယ်"

ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ခဲ့ပါတယ်။

(မှတ်ချက်။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုဂ္ဂလိကဘဏ်တစ်ခု၏ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးအသံကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။