ကောလင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားခုနစ်ဦး သေဆုံး

ကောလင်းမြို့အနောက်ခြမ်း ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ကောလင်းမြို့နယ် ဥက္ကံရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်း ဥက္ကံရွာကို စက်တင်ဘာ ၃၀ ရက် မနေ့က စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ ဥက္ကံရွာကို ဂျက်တိုက်လေယာဥ်နဲ့ ပေါင်ငါးရာဗုံး လေးလုံး ကြဲချခဲ့တာကြောင့် အသက် ၂၀ ကနေ ၅၀ အတွင်းရှိတဲ့ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးသွားတာပါ။

အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထုနေရာတွေကို လိုက်ပစ်တာ။ ဥက္ကံဆိုတာက ကောလင်းမြို့ ပျက်ပြီးတော့ ဈေးအရောင်းအဝယ်တွေ လုပ်တဲ့နေရာပေါ့လေ။ အဲဒီနေရာမှာ လူစည်ကားတဲ့နေရာကို သပ်သပ်ကို ရွေးပြီးပစ်တာ”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ လေးဦးခန့်ရှိပြီး နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကိုတော့ လတ်တလော မသိရသေးသလို ဗုံးကြဲခံရတဲ့နေရာက ဈေးဆိုင်ခန်း အများအပြား ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ကောလင်းမြို့အနောက်ခြမ်းက ရွာသစ်ရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာသလို နေအိမ်ပျက်စီးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရရေးအတွက် နိုင်ငံအနှံ့ လေကြောင်းထိုးစစ် အများအပြားကို စက်တင်ဘာလ ပထမ အပတ်ကစလို့ လုပ်နေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org