ကော့ကရိတ်တိုက်ပွဲမှာ အရပ်သားသုံးဦးသေဆုံး၊ လူတစ်ထောင်ကျော် ထွက်ပြေးနေရ
2022.12.22

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက်ကစလို့ ဒီနေ့ထိ တစ်ပတ်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အရပ်သားသုံးဦး သေဆုံးပြီး ဒေသခံတစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ တံတားကျိုးရွာနဲ့ သုံးမိုင်အကွာ ကော့နွဲရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာလည်း ကော့နွဲရွာခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာရှိပြီး အဲဒီသေဆုံးမှုတွေက လက်နက်ကြီးကြောင့်လို့ ဒေသခံတစ်ဦးက ပြောတယ်။
“အရပ်သားသေဆုံးတာတွေကတော့ နေ့တိုင်းနီးပါးပါပဲ။ သေဆုံးသူတွေက တိုက်ပွဲနဲ့ နီးတဲ့ ကော့နွဲကျေးရွာကလူတွေများတယ်။ အများစုကလည်း အိမ်ပေါ်လက်နက်ကြီး ကျလို့ သေဆုံးကြတာ”
ဒီနေ့မနက်မှာလည်း ကော့ကရိတ်မြို့နယ် တံတာကျိုးရွာ စုပေါင်းဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေလို့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားတယ်လို့ သူက ဆိုပါတယ်။
ကော့နွဲရွာထဲကို ဒီဇင်ဘာလ ၂၀ ရက်မှာ လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့လို့ ကော့နွဲနဲ့ မြို့ဟောင်းရွာတွေက အရပ်သားတစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီး နောက် စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၇၀၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA)ရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ စာရင်းတွေအရ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ပေါင်း ၉၁,၁၀၀ ကျော်ထိ ရှိနေပါတယ်။