ကသာမှာ ဒရုန်းတပ်ဖွဲ့ဝင် သုံးဦး သတ်ဖြတ်ခံရ

RFA Burmese
2023.12.21
ကသာမှာ ဒရုန်းတပ်ဖွဲ့ဝင် သုံးဦး သတ်ဖြတ်ခံရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က သတ်ဖြတ်ခံရသည့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းတပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။
မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်္ဂလာသုခရွာနားမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တိုးတဲ့ ကသာပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင် သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မင်္ဂလာသုခရွာဘက်ကို စစ်ဆင်ရေးသွားချိန် လမ်းခုလတ်မှာ သတ်ဖြတ်ခံရတာဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းပေါ်မှာ ကျားဘီလူးစစ်ကြောင်းဆိုတဲ့ စာသားရေးထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကသာမြို့နယ်မှာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ကြောင်းထိုးတဲ့အခါ မှာလည်း အရင်ထက် ကြမ်းကြမ်းတမ်းတမ်း လုပ်လာတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဆင်ရေး သွားရင်းနဲ့ လမ်းမှာ စစ်ကောင်စီနဲ့ တွေ့ပြီး တစ်ခါတည်း ပစ်သတ်ခံခဲ့ရတာ။ သူတို့က လုံခြုံရေးကို တိုးမြှင့်ထားပြီးတော့ ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်လာတာက အများကြီး ဖြစ်လာတာပေါ့။ စစ်သုံ့ပန်း ဥပဒေတွေ၊ ဘာတွေ မရှိတော့ဘဲ တွေ့တာနဲ့ ပစ်သတ်ဆိုတာမျိုးအထိ ဖြစ်လာတယ်”

သတ်ဖြတ်ခံရသူတွေဟာ အသက် သုံးဆယ်အရွယ်တွေဖြစ်ပြီး နာမည်တွေကိုတော့ လုံခြုံရေးအရ ဖော်ပြလို့ မရသေးကြောင်း သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းကပဲ ကသာမြို့နယ် ပင်းမလွတ်ရွာမှာ ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းတာဝန်ခံတစ်ဦး၊ ထောက်ပို့တစ်ဦးနဲ့ ဒေသခံတစ်ဦးကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တုံ့ပြန်မှုရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကို ထောက်ခံသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကာသာမြို့နယ် မင်္ဂလာသုခရွာနားက တိုက်ပွဲအတွင်းမှာ PDF ရုပ်အလောင်း သုံးလောင်းနဲ့အတူ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကို ကာကွယ်ရေးတပ်တွေ သိမ်းယူလိုက်ပြီးနောက်၊ ကသာမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲတွေ မဖြစ်လာဖို့ စစ်ကောင်စီတပ်က လုံခြုံရေးနဲ့ စစ်အင်အားကို တိုးမြှင့်ထားတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။