ကသာမြို့နယ် အင်းဒရန့်ရွာမှာ ဒေသခံငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရ
2023.07.30
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းဒရန့်ရွာမှာ အသက် ၂၀ ကနေ ၄၀ အတွင်းရှိတဲ့ ဒေသခံ အမျိုးသားငါးဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၂၇ ရက် နဲ့ ၂၈ ရက်နေ့တွေ မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့ တယ်လို့ ကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ -၁၂၁ စစ်ကြောင်းက အင်အား ၈၀ နီးပါးနဲ့ ရွာကို ဇူလိုင်လ ၂၇ ရက်က ဝင်ရောက်စီးနင်းချိန်မှာ ဒေသခံအမျိုးသား ငါးဦး ဖမ်းဆီးခံလိုက် ရတာပါ။ ဇူလိုင်လ ၂၉ ရက် မနေ့ကတော့ ရွာသားတွေရဲ့ ရုပ်အလောင်းတွေကို ရွာထဲကပဲ ပြန်တွေ့ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၀ အရွယ် ကချင်အို၊ ၂၃ နှစ်အရွယ် ကိုငယ်၊ အသက် ၂၅ နှစ်အရွယ် ကိုကုလား၊ ၃၅ နှစ်အရွယ် ကိုအောင်မျိုးကျော်နဲ့ ၄၅ နှစ်အရွယ် ကိုရှပ်ပြေးတို့ ဖြစ်ပါတယ်။
ဆိုးဆိုးရွားရွား နှိပ်စက်သတ်ဖြတ်ခံခဲ့ရတာလို့ ရုပ်အလောင်းတွေကို မြင်တွေ့ခဲ့ရတဲ့ အင်းဒရန့်ရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။
"အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ပဲ၊ ခေါင်းတွေကို သေနတ်ဒင်တွေနဲ့ ထုထားပုံ ရတယ်။ ကြေမွနေတာ။ လက်တွေလည်း လှန်ချိုးထားတယ်။ မြင်ရက်စရာကို မရှိပါဘူး ဗျာ၊ စစ်ကြောင်းပြန်ထွက်တော့ နယ်မြေရှင်းလင်းရေး ဝင်တဲ့အချိန် အလောင်းတွေကို မြေကြီးတွေနဲ့ ဖုံးထားခဲ့တာကို ပြန်ရှာတွေ့တာပါ"
အင်းဒရန့်ရွာကို စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၃၀ ရက် ဒီကနေ့မှာတော့ ကသာ မြို့နယ်၊ ကျောက်ထုံးကြီးရွာဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၈ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၈၅၀ ဦး သေဆုံးခဲ့ပါတယ်။