ကယားပြည်နယ်မှာ ဒုက္ခသည်စခန်းနဲ့ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

RFA Burmese
2023.07.12
ကယားပြည်နယ်မှာ ဒုက္ခသည်စခန်းနဲ့ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ လေကြောင်း တိုက်ခိုက်ခံရသည့် ထိုင်း-မြန်မာနယ်စပ်မှ ဒေါနိုးကူးဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့

ကယားပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာနဲ့ ဒေါနိုးကူး စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့ည ၁၁ နာရီနဲ့ ဒီမနက် ၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၁ အရွယ် ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီမှာ မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် လာရောက် တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ညအချိန်မှာ ဂျက်ဖိုက်တာနဲ့ လာပြီးဗုံးကြဲသွားတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ယောက် သေဆုံးတယ်။ နှစ်ယောက်ကတော့ မစိုးရိမ်ရဘူးပေါ့နော် ဒဏ်ရာရသွားတယ်။ ခရစ်ယာန်ဘုရားကျောင်း တစ်လုံးနဲ့ အရပ်သားနေအိမ် ခြောက်လုံးလောက် ပျက်စီးသွားတယ်”

အလားတူ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် လေးထောင်ကျော်နေထိုင်တဲ့ ဒေါနိုးကူး စစ်ဘေးဒုက္ခသည် စခန်းအနီးကို စစ်ကောင်စီတပ်က ဒီမနက် ၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၂ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီ တိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“မနက်အစောကြီး ၁ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ လေးကြိမ်လောက် လာကြဲသွားတယ်။ အမျိုးသားတစ်ယောက် သေသွားတယ်၊ နှစ်ဦးကတော့ ဒဏ်ရာရသွားတယ်ပေါ့” 

ဗုံးကြဲခံရမှုကြောင့် စာသင်ကျောင်းတစ်ကျောင်း လုံးဝပျက်စီးခဲ့ပြီး ဆေးပေးခန်းနဲ့ လူနေအိမ် တချို့လည်း ပျက်စီးသွားတယ်လို့ ကရင်နီတိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့အတွက် ဖားဆောင်း မြို့နယ်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း မယ်စဲ့ဒေသကို စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြင်မှာ ထိုးစစ်ဆင်ဖို့ အခွင့်မသာတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးတွေအားကိုးနဲ့ အရပ်သားပစ်မှတ်တွေကိုပါ ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ဘက်အခြမ်းက ဒုက္ခသည် စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ စစ်ကောင်စီက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကို လေကြောင်းကနေ အခုလို တိုက်ခိုက်နေတာ စစ်ရာဇဝတ်မှုကို ချိုးဖောက်နေတာလို့ ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅၂၇ ကြိမ် အထိပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။