ကမ္ဘာကြီးသိပါစေ အစီရင်ခံစာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေကို သတ်ဖြတ်မီးရှို့ခဲ့စဉ်
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေကို သတ်ဖြတ်မီးရှို့ခဲ့စဉ် (Photo: KNDF)

စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း အစုအပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ ကယားပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး “ကမ္ဘာကြီး သိပါစေ” ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG နဲ့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်စက် တဲ့ ဖိနှိပ်မှုတွေကို အစပျိုးထားပြီး၊ မကြာသေးခင်ကမှ ဖရူဆိုမြို့နယ် မိုဆိုရွာမှာဖြစ်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုကို အဓိထား ဖော်ပြထားပါတယ်။

"သက်ဆိုင်တဲ့သူတွေကို ကျနော်တို့ အပြစ်ပေး အရေးယူနိုင်ဖို့ ကျနော်တို့ မျှော်လင့်ချက်ရှိပါတယ်"

မိုဆိုရွာ အစုအပြုံလိုက်သတ်ဖြတ်မှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ အမြန်ဆုံး အရေးယူနိုင်ဖို့အတွက် အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွန်ကြားရေးမှူး ကိုဗညား က RFA ကို ပြောပါတယ်။

“ဒီနောက်ဆုံးအဆင့်ထိ တကယ်လက်တွေ့ အပြစ်ကျူးလွန်တဲ့သူကို အပြစ်ပေး အရေး ယူနိုင်တဲ့ အထိဖြစ်အောင် ကျနော်တို့က စီစဉ်ထားတာရှိတယ်။ ကျနော်တို့ ဒီဘက်ခြမ်း ဒီနိုင်ငံတကာ အကူအညီနဲ့ သွားတာရှိသလို ကျနော်တို့ ပြည်နယ်ရဲ့ ဒီအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဒီဟာကို ကျနော်တို့ စနစ်တကျ လုပ်ထားမှု ရှိပြီး တော့မှ နောင်တစ်ချိန်ကျရင် အပြစ်ပေးအရေးယူနိုင်မယ့် စနစ်ကို ကျနော်တို့ ထူ ထောင်နိုင်ပြီးတော့မှ ဒီသက်ဆိုင်တဲ့သူတွေကို ကျနော်တို့ အပြစ်ပေး အရေးယူနိုင်ဖို့ ကျနော်တို့ မျှော်လင့်ချက်ရှိပါတယ်။ ကျနော်တို့ ဆက်လုပ်မယ့် လုပ်ငန်းစဉ်တစ်ခုတည်း မှာ ပါပါတယ်”

ကယားပြည်နယ်မှာ ကရင်နီကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို လက်နက် ကိုင် တော်လှန်နေတာ မှန်ပေမယ့် ပြည်သူအများစုကတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဘာမှမသက်ဆိုင်ဘဲ စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံနေရတယ်လို့ ကိုဗညားက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ခမရ ၁၀၈ က မိုဆိုကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသား ၄၀ ကို ဖမ်းဆီး၊ လက် နောက်ပြန်ကြိုးတုပ်ပြီးမှ မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း “ကမ္ဘာကြီး သိပါစေ” အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က မြို့ပေါ်ဈေးဝယ်သွားတဲ့ အစ်မဖြစ်သူနဲ့ ခဲအိုတို့ မီးရှို့ အသတ်ခံရတဲ့အထဲ ပါသွားပြီဆိုတာကို သူတို့နဲ့အတူ ယူဆောင်သွားတဲ့ ဈေးဝယ်ကတ္တား မီးလောင်ပျက်စီးနေတာကို တွေ့ရပေမယ့် အခုချိန်ထိ မယုံနိုင်သေးဘူးလို့ မိုဆိုရွာက ညီမဖြစ်သူက ပြောပါတယ်။

မယုံနိုင်ပေမယ့်လည်း အစ်မတို့ ဇနီးမောင်နှံ အခုချိန်ထိ ရွာကိုပြန်မလာနိုင်သေးသလို သူတို့ကိုင်တဲ့ လက်ကိုင်ဖုန်းတွေလည်း ခေါ်မရတော့တာကြောင့် သေသွားပြီဆိုတာကို သိနားလည်ပြီး ဝမ်းနည်းစိတ်ထိခိုက်ရတယ်လို့ ညီမဖြစ်သူက ပြောပါတယ်။

“တချို့ပြောတာကကျတော့ ကတ္တားပါတယ် ပြောတယ်။ တချို့ကမပါဘူး ပြောပြန် တယ်။ ဟိုမှာလည်း သွားလို့မရဘူး၊ ဘယ်တစ်ခု ယုံရမလဲ မသိတော့ဘူး။ အဲရက်မှာဆို မိုဆိုက တစ်ယောက် ဖုန်းဆက်လာတယ်လေ။ ဒီရက်ဆို အဲဒီက လင်မယားနှစ်ယောက် သွားသေးလားပေါ့၊ သွားသေးတယ်ပြောတော့၊ အော် ဒီနေ့ဆို သူများ မီးရှို့တယ်လေ၊ သူများတွေ ခေါ်သွားတယ်။ အလောင်းတွေ မီးရှို့တယ်လေ၊ စိတ်ထဲမှာ ဘယ်လို ပြောရမလဲ မသိတော့ဘူးလေနော်။ တအားဝမ်းနည်းလွန်းလို့လေ၊ ဖုန်းဆက်လို့လည်း မရတော့ဘူး။ စက်ပိတ် စက်ပိတ်ပြောနေလိုက်တာ အခုထိပဲလေ”

သူ့အစ်မ ဇနီးမောင်နှံမှာ သားသမီး သုံးယောက် ကျန်ခဲ့ပြီး၊ အခုချိန်မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ကလေးတွေရဲ့ အဖွားဖြစ်သူက စောင့်ရှောက်ထားရပါတယ်။ ကလေးတွေကိုတော့ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဖေနဲ့အမေ အခြားနေရာတစ်ခုမှာ စစ်ရှောင်နေရတယ်လို့ ပြောထားတယ်လို့ ဆိုပါတယ်။

ကလေးတွေကို စောင့်ရှောက်ထားတဲ့ အဖွားဖြစ်သူကလည်း သမီးနဲ့ သမက်ဖြစ်သူ နှစ် ယောက်စလုံး သေဆုံးသွားပြီဆိုတာကို မယုံကြည်နိုင်သေးဘဲ တစ်နေ့နေ့ ပြန်လာနိုးနဲ့ စောင့်ဆိုင်းနေဆဲလို့ RFA ကို ပြောပါတယ်။

“အသက်ရှင်မှာနေမှာပဲလို့ ဆုတောင်းနေတယ်လေ။ ဘုရားသခင်ကိုပဲ အားကိုးနေ ရတယ်။ အဲဒါပဲ ဆုတောင်းနေတယ်။ အသက်ရှင်သလိုလို ဖြစ်နေတာလေး စိတ်ထဲက ဘုရားသခင်ပဲ ကူညီမယ်လို့ တစ်နေ့ကျရင် ပြန်ပို့လာပါစေလို့ပဲ ဆုတောင်းနေတယ်။ ဘာမှ မတတ်နိုင်ဘူးလေ၊ ဘုရားသခင်ကိုပဲ အားကိုးတာပေါ့၊ စဉ်းစားလို့ မရဘူး။ သားသမီးမျက်နှာကြည့်ပြီးတော့ စိတ်နာတယ်။ ဘယ်လိုလုပ် ကျွေးမွေးရမလဲ၊ ဘယ်လိုလုပ် သွားတော့မလဲလို့ ကျွေးမွေးမယ့်သူ မရှိတော့ဘူး။ သူ့သားသမီးတွေကို ဘယ်လိုလုပ်မလဲ၊ စိတ်ထဲမှာပဲ နာနေတယ်”

အဖွားနဲ့အတူ ကျန်ရစ်တဲ့ ကလေးသုံးယောက်ဟာ အသက် ၁၁ နှစ်ကနေ ၁၅ နှစ်ကြား အရွယ်တွေဖြစ်ပြီး အခုချိန်မှာ စားဝတ်နေရေး ခက်ခဲနေတယ်လို့လည်း အဒေါ်ဖြစ်သူက ပြောပါတယ်။

“စားဖို့ကျတော့ သူတို့က လယ်လုပ်ထားတော့ ဆန်တော့ ရှိတယ်ပေါ့နော။ ဟင်းတို့ ဘာတို့ သုံးဖို့စရိတ်တွေပေါ့နော ဝင်ငွေရှာပေးမယ့်သူ မရှိခါကျတော့ သူတို့အတွက်က ပိုက်ဆံ ဘယ်နားသွားယူရမလဲ။ နေ့တိုင်းလိုလို မုန့်ဆိုရင် သူ့အမေအဖေက ဝယ်ထား ပေးတာပေါ့နော။ အခုဆိုရင် မုန့်ဆိုရင် မစားနိုင်တော့ဘူး။ ကျမတို့လည်း ကျမတို့ အိမ်ထောင်ကလေးတွေရှိနေတော့ မကြည့်နိုင်ဘူးလေ။ ဝင်ငွေမရှိဘူး ကိုယ်က”

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် မိုဆိုရွာက အစုအပြုံလိုက် အသတ်ခံရမှုမှာ အမျိုးသမီး ငါးဦး ပါဝင်ပြီး အဲဒီအထဲမှာ အသက် ၁၅ နှစ်အောက် မိန်းကလေးငယ် တစ်ဦးလည်း ပါဝင် တယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်နီပြည်နယ်ရဲတစ်ဖွဲ့ (KSP) က ပြောထားပါတယ်။

KSP နဲ့ ရုပ်အလောင်းတွေကို စစ်ဆေးခဲ့တဲ့ ဆရာဝန်ရဲ့ ပြောကြားချက်အရ သေဆုံးသူ တချို့ဟာ လက်ပြန်ကြိုးတုပ်ခံထားရပြီး ရုပ်အလောင်းတွေမှာ ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းခွံ အက်ကွဲဒဏ်ရာ၊ ပါးစပ်ထဲမှာ အဝတ်ဆို့ပြီး နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။

မိုဆိုရွာ အစုအပြုံလိုက် သတ်ဖြတ်မှုအတွက် ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကနေ အရေးယူနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဘိုဘိုက RFA ကို ပြောပါတယ်။

“အဲလို မီးရှို့ပြီးတော့မှ အဲလိုဖြစ်လိမ့်မယ်လို့တော့ ကျနော်တို့ ဘယ်သူမှ မထင်ထားဘူး။ ဒါပေမဲ့ အဲလိုတွေဖြစ်တယ်လို့ တွေးထားတဲ့အချိန်မှာ ကျနော်တို့ အကုန်လုံးလည်း အံ့ဩ သွားတယ်။ ပြီးတော့ ဒီကရင်နီပြည်နယ်မှာက ခရစ်ယာန်တွေများတဲ့ ပြည်နယ်ပေါ့။ အဲလိုပြည်နယ်မှာ ဒီလို ခရစ္စမတ်လို နေ့မျိုးမှာမှ သူတို့က အဲလိုလုပ်သွားတယ်ဆိုတော့ ပိုပြီးတော့မှ အံ့ဩမိတယ်ပေါ့နော။ ပြီးတော့မှ တော်တော်လည်း ရက်စက်တယ်ပေါ့ နော။ အဲဒါလောက်ပဲ ပြောချင်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေကို ဒီလိုရက်စက်တဲ့ စစ်ကောင်စီကို လုပ်ထားတဲ့ ပြစ်မှုတွေကို ပြန်ပေးဆပ်ရအောင် ကျနော်တို့ တတ်နိုင်သ လောက် ကြိုးစားသွားမှာပါ”

kayah-massacre-fire.jpg
(ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ သတ်ဖြတ်မီးရှို့ခံရတဲ့ လူနဲ့ကားတွေကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က တွေ့ရစဉ်) Photo: CJ

သူတို့တွေ့ရှိထားတဲ့ မှတ်တမ်းတွေအရ ဖရူဆိုမြို့နယ် မိုဆိုရွာဖြစ်စဉ်မှာ တစ်ရက်တည်း၊ တစ်ချိန်တည်း အစုအပြုံလိုက် အသတ်ခံရသူ ၄၉ ဦးအထိ ရှိနိုင်တယ်လို့လည်း ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က ၂၀၂၂ ဇန်နဝါရီ ၃ ရက် သတင်းစာရှင်းပွဲမှာ ထုတ်ပြောထားပါတယ်။

ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက်ကလည်း စစ်အာဏာသိမ်း တစ်နှစ်တာကာလ အတွင်း ကယားပြည်နယ်မှာ အရပ်သား ၂၁၂ ဦး သေဆုံး၊ ၂၆၈ ဦး အဖမ်းခံထားရပြီး ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအဆောက်အအုံ ၄၉၂ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေရဲ့ “ကမ္ဘာကြီး သိပါစေ” အစီရင်ခံစာနဲ့ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။