KNU ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေကို ကရင်လူငယ်တွေ ထောက်ခံ

ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို KNU ထိန်းချုပ်ရာ လော်ခီးလာ မှာ ကျင်းပစဉ်
ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို KNU ထိန်းချုပ်ရာ လော်ခီးလာ မှာ ကျင်းပစဉ် (Photo: Karen National Dialogue)

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရွက်ချက်တွေကို ကရင်လူငယ်တွေက ယုံကြည်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကျရာနေရာကနေ ပံ့ပိုးဆောင်ရွက်သွားမယ့်လို့ ကရင်လူငယ် နှီးနှောဖလှယ်ပွဲက ထုတ်ပြန်လိုက်ပါတယ်။

KNU ထိန်းချုပ်ရာ လော်ခီးလာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပခဲ့တဲ့ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကနေ အခုလို ထုတ်ပြန်လိုက်တာလို့လည်း ကရင်လူငယ်ကွန်ရက် အဖွဲ့ဝင် စေမုရယ်နီက ပြောပါတယ်။

ဒီလူငယ်နှီးနှောဖလှယ်ပွဲကို ကရင်ပြည်နယ်မှာရှိတဲ့ ကရင်လူငယ်တွေအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာရှိတဲ့ ကရင်လူငယ် ၂၀၀ နီးပါး တတ်ရောက်ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ ကရင်အမျိုးသားနိုင်ငံရေး ဖြစ်စဉ်တွေသုံးသပ်ဆွေးနွေးတာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အမျိုးသားရေးကိစ္စတွေမှာ ကရင်လူငယ်တွေ ညီညီညွှတ်ညွှတ်ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။