ကရင်ပြည်နယ်ထဲက ဒုက္ခသည်တချို့ ဝမ်းရောဂါဖြစ်ပွားနေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေထဲက ကလေး၊ လူကြီး ၂၀၀ ထက်မနည်း ဝမ်းရောဂါ ဖြစ်ပွားနေတယ်။ စစ်ကောင်စီတပ်ကနေ လေယာဉ်၊ လက်နက်ကြီးတွေ ပစ်ခတ်လို့ စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်ထိ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သူတို့ဟာ တောတောင်တွေမှာပဲ ခိုလှုံနေရတာ ဖြစ်လို့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာကြောင့် အခုလို ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားနေတာ ဖြစ်တယ်လို့ ကရင်စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောသူးဘီးက ပြောပါတယ်။ KNU ကျန်းမာရေးဌာနက တချို့နေရာတွေကို သွားပြီး ပြုစုစောင့်ရှောက်နေပြီး အခြေအနေ ဒီထက် မဆိုးဝါးအောင် ထိန်းထားတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်ဘက်က နေ့စဉ်လေယာဉ်နဲ့ ပစ်ခတ်နေသလို၊ မြေပြင် စစ်ပွဲတွေလည်း ဖြစ်ပွားနေပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ ်(BGF) တပ်ဖွဲ့ဝင် ၅၀၀ ကျော်ကိုလည်း အင်အားဖြည့်ထားတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့လည်း စောသူးဘီးက ပြောပါတယ်။
ဒေသခံကျေးရွာတွေနဲ့ တောင်ယာစိုက်ပျိုးမြေတွေမှာ လက်နက်ကြီးပစ်ခတ်မှု ၅၇၅ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၁၄ ဦးနဲ့ ဒဏ်ရာရသူ ၂၈ ဦး ရှိနေပြီး လူနေအိမ် အလုံး ၂၀၊ စာသင်ကျောင်း ၂ ကျောင်း အပါအဝင် ရွာသားတွေရဲ့ ပစ္စည်းတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကဘယ်ဒိုကို ကိုးကားပြီး ကရင်သတင်းစဉ် (KIC) သတင်းမှာ ဖော်ပြထားပါတယ်။