စစ်ကောင်စီ အန္တရာယ်ကြောင့် မူးမြို့ဒေသခံ သုံးသောင်းကျော် ထွက်ပြေးရ

ညောင်လေးပင်ခရိုင် မူးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ညောင်လေးပင်ခရိုင် မူးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရွာတွေထဲပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၃၂၀၀၀ ကျော်သွားပြီလို့ KNU ဗဟိုက ဇွန်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၀ ကနေ မီးတိုင်တောရွာနဲ့ အောင်ချမ်းသာကျေးရွာတွေထဲကို မေလ ၂၉ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို မေလ ၃၀ ရက်နေ့မှာလည်း သာစည်ကျေးရွာနဲ့ ကြက်တက်ညောင်ပင်ရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလိုလက်နက်ကြီးတွေနဲ့ ကျေးရွာထဲပစ်ခတ်တာကြောင့် သာစည်၊ ကြက်တက်ညောင်ပင်၊ နှောင်းတော၊ ကညင်ကျ၊ သမန်းကျင်း စတဲ့ကျေးရွာ ၅ ရွာက အရပ်သား ၄၂၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ်မှာ မေလ ၁၀ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ၂၈၀၀၀ ကျော်ရှိပြီး အခု လေးထောင်ကျော် ထပ်တိုးလာတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)
ညောင်လေးပင်ခရိုင် မူးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မိုးရာသီဖြစ်တာကြောင့် အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေပြီး အခက်အခဲတွေ အများကြီးရှိနေတယ်လို့လည်း KNU တပ်မဟာ ၃ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KNU အနေနဲ့ ဒုက္ခသည်တွေ စားဝတ်နေရေးအတွက် တတ်နိုင်သလောက်စီစဉ်ဆောင်ရွက်နေပြီး နောက်ထပ်အလှူရှင်အဖွဲ့တွေ၊ နိုင်ငံတွေကိုလည်း မေတ္တာရပ်ခံထားတယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်ဆေးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ လူ လေးသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။