ကရင်ဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ငါးထောင်ကျော် ထိုင်းကိုရောက်နေ

2021.12.26
ကရင်ဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ငါးထောင်ကျော် ထိုင်းကိုရောက်နေ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ထိုင်း-မြန်မာ နယ်စပ်က စစ်ဘေးဒုက္ခသည်များကို ၂၀၂၁ ဒီဇင်ဘာ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ကရင်ပြည်နယ်အတွင်း အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဒေသအတွင်း မြန်မာဘက်က ဝင်ရောက်လာတဲ့သူပေါင်း ငါးထောင်ကျော်ရှိနေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ခိုလှုံလာတဲ့ မြန်မာနိုင်ငံဘက်က ရွာသူရွာသားတွေ တနင်္ဂနွေနေ့ အထိ ၅,၃၅၈ ဦးရှိသွားပြီလို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြန်မာစစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ထိုင်းလုံခြုံရေး အရာရှိတွေက တိုးချဲ့ပေးနေပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ KNU ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပိုပြင်းထန်လာနေပြီး သေနပ်ကျည်ဆံတွေနဲ့ ဗုံးတွေလည်း ထိုင်းနိုင်ငံထဲကို ကျနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်း အဲဒါကြောင့် ထိုင်းနိုင်ငံထဲကို ပစ်ခတ်မှုတွေ ရောက်မလာအောင် လုပ်ကြဖို့ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖွဲ့ကို ထိုင်းနယ်စပ်အာဏာပိုင်တွေက သတိပေးထားတဲ့အကြောင်း ဘန်ကောက်ပို့စ်က ရေးပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးကင်းလှည့်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ဒေသခံတွေလည်း နယ်စပ်ကို မသွားကြဖို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးဘက်က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။