ကရင်စစ်ဘေးရှောင် သုံးသောင်းကျော်ရှိလာ

2021.04.30

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေထဲ ဧပြီလ ၂၇ နဲ့ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က လေယာဉ်နဲ့ လက်နက်တွေ ပစ်ခတ်ခဲ့လို့ ကရင်ဒုက္ခသည်တွေ ထွက်ပြေးနေကြ ရပါတယ်။

ဧပြီလ ၂၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ်က စစ်ကောင်စီရဲ့ သောလယ်ထာ့ တပ်စခန်းကို KNU လက်အောက် ခံ KNLA တပ်မဟာ ၅ က တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖာပွန်ခရိုင် ဘုသိုးမြို့နယ် ဒါးဂွေ၊ ဘွားဒဲဘက်ကို လေယာဉ်နဲ့ ပြန်ပစ်ခတ်ခဲ့လို့ ထပ်ပြီးထွက်ပြေး တိမ်းရှောင်ရတာလို့ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောသူးဘီးက ပြောပါတယ်။

“မတ်လ ၂၇ ရက်နေ့ကစပြီး ထိုင်းဘက်ကိုပြေးတာ ထိုင်းက သူတို့ကို ပြန်မောင်းထုတ်တော့ အခု ဒီတစ်ခေါက် လေယာဉ်နဲ့ လာပစ်တော့ သူတို့က ထိုင်းဘက်ကို တော်တော်ကို မသွားချင်တော့ဘူး၊”

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေကို ပြီးခဲ့တဲ့ မတ်လအတွင်းက ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ သယ် ဆောင်ခွင့်ရခဲ့ပေမယ့် တောတောင်တွေထဲမှာ ထွက်ပြေးနေရလို့ ပေးပို့ဖို့ အခက်အခဲရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ဖာပွန်ခရိုင် ဘုသိုမြို့နယ်က သံလွင်မြစ်တလျှောက်က ရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လေးကြိမ် လာပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုအခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။

ကရင်ဒုက္ခသည်တွေဟာ တောတောင်တွေမှာ ခိုလှုံနေတာ သုံးလနီးပါး ရှိလာပြီဖြစ်ပြီး အခုထိ စစ်ကောင်စီ တပ်က လေယာဉ်နဲ့ ထပ်ပြီးပစ်ခတ်တာဖြစ်တယ်လို့ ကရင်အမျိုးသမီး အဖွဲ့အစည်း (KWO) က ဗဟိုကော်မတီ အဖွဲ့ဝင် နော်ဆဲဆဲက ပြောပါတယ်။

“လက်နက်ကြီးတွေ ပစ်ချတာတွေရှိတဲ့အခါကျတော့ အိုင်ဒီပီကလူတွေက ပိုပြီးတော့ ကြောက်ရွံ့စိတ်တွေ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ စပြေးကတည်းက စိုးရိမ်စိတ်တွေနဲ့ ပြေးနေရတော့ အဓိက သူတို့ရဲ့ ဘဝလုံခြုံရေးပေါ့နော်။ ဒီနေ့ထပ်ပစ်ချတော့ ပိုပြီးကြောက်”

အခုဆိုရင် ကရင်ဒုက္ခသည် သုံးသောင်းကျော်ထိ ရှိလာပြီဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ပွဲတွေအတွင်း ဒီတစ်ကြိမ်ဟာ အတော်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်တယ်လို့လည်း နော်ဆဲဆဲက ပြောပါတယ်။

“မိုးတွင်းရောက်ရောက်တော့မယ်ဆိုတော့ သူတို့သောက်သုံးတဲ့ရေရော၊ သူတို့ နေတဲ့နေရာရော ကျဥ်းကျဉ်းကျပ်ကျပ် နေရာမှာနေရတော့ ဝမ်းသွားတဲ့ရောဂါတွေရော၊ ဖျားနာတာတွေရော ဖြစ်တာတွေများတယ်။ မျက်စိနီတာတော့ အဓိက အဖျားတက်တာတို့ တုပ်ကွေးဖြစ်တာမျိုးပုံစံတွေ ဖြစ်တယ်”

စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကရင်ဒုက္ခသည် ၃၀၀ ကျော်ဟာ ဧပြီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံဘက်ဝင်ရောက် ခိုလှုံနေရပြီး ဧပြီလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က KNU တပ်မဟာ ၅ နယ်မြေထဲကို လေယာဉ်နဲ့ ပစ်ခတ်မှုတွေရှိနေလို့ KWO က အတွင်းရေးမှူး နော်ကညောဖောက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။