စုကလိမြို့ခံ လေးထောင်ကျော် သောင်ရင်းမြစ်ဘေးမှာ သောင်တင်နေ
2023.02.27

ကရင်ပြည်နယ်၊ မြဝတီခရိုင် KNU တပ်မဟာ ၆ နယ်မြေထဲက စုကလိမြို့မှာဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒေသခံ လေးထောင်ကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘဲ သောင်ရင်းမြစ်ဘေးမှာ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့က ၂၄ ရက်နေ့အထိ စုကလိမြို့မှာရှိတဲ့ ထီးကပလယ် စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO၊ KTLA အပါအဝင် PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲကြောင့် ဘလဲ့ဒို၊ မော်ခီ၊ ဥကရစ်ခီး၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုးနဲ့ ထီးသဲလယ် အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံလေးထောင်ကျော် ဘေးလွတ်ရာထွက်ပြေး နေရတာလို့ ကူညီပေးနေသူတွေက ဆိုပါတယ်။
ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်ကလည်း လက်မခံတာကြောင့် သောင်ရင်းမြစ် ကမ်းဘေးမှာ နေထိုင်နေကြရပြီး ဆေးဝါးတွေပါ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေစဖြစ်ကတည်းက ထွက်ပြေးနေကြရတာ။ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့လည်း လာလာပစ်ကြတယ်။ လက်နက်ကြီးတွေကလည်း နေ့ရော၊ ညရောပစ်နေတော့ ပြန်လို့မရကြသေးဘူး။ ဒီမြစ်ဘေးမှာက နေထိုင်ရတာ ခက်ခဲတယ်။ ကလေးတွေလည်း ပါလာတော့ နေမကောင်း၊ ဖျားနာတာတွေ အားကြီးဖြစ်ကြတယ်။ အစားအသောက်ထက် ကျန်းမာရေးက ပိုအရေးကြီးတယ်”
ရက်ကြာလာတာနဲ့အမျှ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ စတာတွေ အဖြစ်များ လာကြသလို ဆေးဝါးတွေလည်း မရှိသလောက်ဖြစ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က ရွာတွေထဲကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်ဖို့ မရသေးတာလို့ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးက RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်ပြည်နယ်မှာ လူဦးရေ ၁၀၆၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။