ကရင် ပါတီ ခေါင်းဆောင်တွေ ရွေးချယ်


2018.03.12
karen-party-leaders-622.jpg ကရင်ပြည်နယ် ဘားအံမြို့မှာ ၂ဝ၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ရွေးချယ်ခဲ့စဉ်
ဓါတ်ပုံ - ဒေါ်နန်းစေးဟွာ - ဖေ့ဘွတ်

ကရင်ပြည်နယ် အခြေစိုက် ကရင် နိုင်ငံရေးပါတီ လေးခု ပူးပေါင်းဖွဲ့စည်းထားတဲ့ ကရင် အမျိုးသား ဒီမိုကရက်တစ် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်တစ်မျိုးသားလုံး ဆန္ဒအရ တစ်ပါတီဖြစ်မြောက်စေလိုတဲ့ ဆန္ဒအရ ပေါင်းလိုက်တဲ့ ပါတီရဲ့ အလုပ်အမှုဆောင်တွေကို ရွေးချယ်လိုက်တာလို့ ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

"ကရင်ပြည်နယ်အခြေစိုက် ၄ ပါတီက ပူးပေါင်းပြီး ဖွဲ့လိုက်တဲ့ပါတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေ ဒီနေ့ရွေးတာပါ၊ ကရင်ပြည်သူ့ရဲ့ဆန္ဒအရ ကရင်ပါတီများ တပါတီတည်းဖြစ်အောင် ပူးပေါင်းနိုင်မှပဲ အောင်မြင်မှု ရလာနိုင်မယ်ဆိုတဲ့ တိုက်တွန်းချက်ပေါ့လေ၊ အကြံဉာဏ်ပေးချက်အရရော ကျနော်တို့ပါတီကလူတွေ အမြင် အရရော အဲလိုပါတီပူးပေါင်းမှပဲ နည်းနည်းလေးအခြေအနေကောင်းမယ် အောင်မြင်မှုမျိုးရလာမယ်ဆိုပြီး ပူးပေါင်းရခြင်းဖြစ်ပါတယ်"

ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နေရာတွေဖြစ်တဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင် စတဲ့ ခေါင်းဆောင် ၃၂ ယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ် အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၃ ပါတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက  ဖျက်သိမ်းလိုက်ပြီး ပါတီသစ် ဖဲ့ွစည်းလိုက်တာဖြစ်ပါတယ်။ အဲဒီပါတီသစ်မှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ပါတီဝင်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ကရင် နိုင်ငံရေးပါတီ ၅ ခုဟာ ကရင် နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ၇ ကြိမ် ဆွေးနွေးခဲ့တာဖြစ်ပြီး ပါတီ ပေါင်းစည်းရေး သဘောတူပြီး ပါတီအမှတ်တံဆိပ်နဲ့ နာမည်တွေ ဆွေးနွေးချိန်မှာ ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီဟာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ မန်းအောင်ပြည်စိုး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။