ကရင်သတင်းစဉ် ပြည်တွင်းမှာ စတင်ထုတ်ဝေတော့မည်
2013.08.28
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်တဲ့ ကရင်သတင်းဌာန (ကေအိုင်စီ) က ကရင်သတင်းစဉ် စာစောင်ကို လာမယ့် စက်တင်ဘာလကစလို့ မြန်မာပြည်တွင်းမှာ လစဉ်ထုတ်ဝေသွားမယ်လို့ သိရပါတယ်။
ဒီစာစောင်ကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေမှာဖြစ်တယ်လို့ ကရင်သတင်းဌာနမှ အယ်ဒီတာ ဒေါ်နန်းဖော့ဂေက RFA ကို ပြောပါတယ်။
အဲဒီ စာစောင်ကို ကရင်- မြန်မာနှစ်ဘာသာနဲ့ ထုတ်ေ၀ သွားမှာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း သတင်းတွေကို အဓိကထားတင်ပြသွား မယ်လို့ သိရပါတယ်။
ကရင်လူမျိုးတွေ အများစုနေထိုင်တဲ့ ကရင်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်းတို့မှာ အဓိကထားဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
ဒီနှစ်ပိုင်းအတွင်း ပြည်ပအခြေစိုက် တိုင်းရင်းသားမီဒီယာတွေကို ပြည်တွင်းမှာဝင်ရောက် အခြေချလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ရာမှာ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီနဲ့ အိန္ဒိယနိုင်ငံ အခြေစိုက် ချင်းတိုင်းရင်းသား သတင်းဌာနဖြစ်တဲ့ ခိုနှုမ်းထုန် သတင်းဌာနတွေက ဝင်ရောက် လုပ်ကိုင်နေပြီလို့ သိရပါတယ်။