ကရင်အာဇာနည်နေ့အခမ်းအနား KNU နယ်မြေများမှာ ကျင်းပ

၆၁ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွေကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ တပ်ရင်း၊ တပ်ဖွဲ့ နယ်မြေတွေမှာ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ကရင်အာဇာနည်နေ့အခမ်းအနားကို ဗြိတိန်နိုင်ငံ ရှက်ဖီးမြို့တွင် ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပစဉ်။ (Photo: Burma Campaign UK)
ကရင်အာဇာနည်နေ့အခမ်းအနားကို ဗြိတိန်နိုင်ငံ ရှက်ဖီးမြို့တွင် ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပစဉ်။ (Photo: Burma Campaign UK) (Photo Courtesy of BCUK)

ကရင့်တော်လှန်ရေး ဖခင်ဖြစ်သူ အာဇာနည်သူရဲကောင်း စောဘဦးကြီးနဲ့ ကျဆုံးသွားတဲ့ ကရင် ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုသောအားဖြင့် အခုလို ကျင်းပခဲ့တာလို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။

KNU အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက KNU အနေနဲ့ စောဘဦးကြီးမူ ၄ ချက်ကို ဆက်လက်ဆုပ်ကိုင် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ အဲဒီမူ ၄ ချက်ကတော့… "ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်၊ လက်နက်ချစကား မပြောရ၊ ကရင်ပြည်နယ် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမယ်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးရမယ်" ဆိုတဲ့အချက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

စောဘဦးကြီးနဲ့ ကရင်ခေါင်းဆောင် ၈ ဦးဟာ ၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ဖာပွန်ခရိုင် ထေဖော်ဖိုးရွာမှာ နားနေစဉ် မနက်အစောကြီးမှာ ဗိုလ်စိန်လွင် ဦးဆောင်တဲ့ အစိုးရတပ်တွေက ဝင်ရောက် ဝိုင်းရံခံခဲ့ရတယ်လို့ ပြောပါတယ်။ အစိုးရတပ်က လက်နက်ချခိုင်းတာကို မချတဲ့အတွက် ပစ်ခတ်ကြပြီးနောက် စောဘဦးကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ရက်ကို အကြောင်းပြုပြီး တခြား ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင့်အာဇာနည်နေ့ကို နှစ်စဉ် ကျင်းပနေတာလို့ သိရပါတယ်။

အခုနှစ်မှာ ထူးခြားတာက ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ DKBA တပ်ရင်းတပ်ဖွဲ့တွေကလည်း KNU တပ်ရင်း (၁ဝ၂) တပ်တွေနဲ့အတူ အခမ်းအနားကို ပူးတွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။