ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်တဲ့ လက်မှတ်တွေ ကောက်ယူ
2017.10.31

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စုအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ကန့်ကွက်တဲ့လက်မှတ်တွေ ကျေးရွာ ၁၉ရွာမှာ ကောက်ယူနေပါတယ်။
လက်ရှိမှာ ကန့်ကွက်တဲ့ လက်မှတ် ၄ထောင်နီးပါးရရှိထားပြီး လက်မှတ်တွေကို ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ လက်မှတ်တွေဦးဆောင်ကောက်ခံနေတဲ့ ထုံးတောင်ကျေးရွာသား စောဆက်ထူးက ပြော ပါတယ်။
"အခုချိန်ထိကတော့ ဆက်တိုက်ကောက်နေတုန်းပဲ။ ထပ်ကောက်နေတယ်။ ဘယ်သူတွေ သဘောမတူကြ လဲ။ သူ့ဟာသူ လက်မှတ်လာထိုး။ ကျနော်တို့က အတင်းတော့ မလုပ်ပါဘူး။ ရတာကတော့ လူဦးရေက ၃၉၈၅ ယောက်။ ရွာပေါင်းကတော့။ ကျနော်တို့ရွာကလည်း တစ်ရွာမှ လူဦးရေက ၁၀၀ တို့၊ ၈၅ ယောက်တို့၊ အဲလောက်ပဲရှိတယ်။ အကုန်လုံး လက်မှတ်ထိုးကြတယ်။ သူတို့မကြိုက်တာ။ အပြင် ဘားအံမြို့ပေါ်က လူတွေလည်း လက်မှတ်ထိုးတယ်။ အားလုံးပေါင်းတော့ ရွာ ၂၀ ပေါ့"
တိုယိုထိုင်းကုမ္ပဏီက ၁၂၈၀ မဂ္ဂဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ကျေးရွာအနီး မြေဧက တစ်ထောင်မှာ တည်ဆောက်ဖို့ လျာထားတာဖြစ်ပါတယ်။
အဲဒီစက်ရုံအတွက် အမေရိကန်ဒေါ်လာ ၃ဘီလီယံ ရင်းနှီးမြှုုပ်နှံမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ဆောက်လုပ် သွားမှာဖြစ်ပါတယ်။
ကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ့်မြေနေရာမှာပါဝင်တဲ့ ကျုံမသွယ်ကျေးရွာအုပ်စု ဝတ်ကြီးကျေးရွာ အုပ်စုတွေမှာရှိတဲ့ နေအိမ်တိုင်းမှာ ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဗီနိုင်းတွေကို ကပ်ထားပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့စဉ် ကလည်း ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက စီမံကိန်းကို ကန့်ကွက်ကြောင်း စာတင်ခဲ့ပါတယ်။