ကရင်ပါတီ ၅ ခု ပူးပေါင်းဖို့ သဘောတူညီ
2016.02.27

ကရင်နိုင်ငံရေးပါတီ ၅ ခုတို့ တစ်ပါတီတည်း ပူးပေါင်းဖို့အတွက် ကရင်နိုင်ငံရေးပါတီ ၅ ခုက ခေါင်းဆောင်တွေက ဒီကနေ့ ဆွေးနွေးပြီး သဘောတူညီလိုက်ကြပါတယ်။
ဒီကနေ့ ဘားအံမြို့ Peace hotel မှာ ကျင်းပတဲ့ ကရင်နိုင်ငံရေးပါတီတွေ တွေဆုံဆွေးနွေးပွဲမှာ ကရင် နိုင်ငံရေး ပါတီတစ်ခုတည်းဖြစ်ဖို့ သဘောတူလိုက်တာလို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးမန်းအောင်ပြည်စိုး က ပြောပါတယ်။
"ဒီနေ့ ကျနော်တို့ ပထမနေ့အနေနဲ့က ကျနော်တို့ ပါတီတွေပေါင်းစည်းဖို့ အတည်ပြု သဘောတူလိုက်ပြီ၊ ဒါပေမဲ့ အခြေခံရမယ့်မူတွေနဲ့ ပတ်သက်ပြီးမှတော့ ကျနော်တို့ ညှိတာနည်းနည်းလေး ကျန်ခဲ့တယ်၊ ကျနော်တို့က အနေအထားကတော့ ကောင်းပါတယ်လို့ပဲ ပြောချင်တယ်"
ဒီနေ့ဆွေးနွေးပွဲကို ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ဥက္ကဌတွေ၊ ဒုတိယဥက္ကဌတွေနဲ့ ပါတီကိုယ်စားလှယ် ၃ဝ ကျော် တတ်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
အရင်က ကရင်ပါတီ ၅ ခုဟာ UNA ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ၊ NBF ညီနောင်တိုင်း ရင်းသားများ ဖက်ဒရေးအဖွဲ့နဲ့ FUB ဖက်ဒရယ်ပြည်ထောင်စု စတဲ့ တိုင်းရင်းသားမိတ်ဖက် အဖွဲ့ဝင်တွေဖြစ်ဖို့ ကိစ္စတွေဆွေးနွေးတဲ့နေရာမှာ အခက်အခဲအနည်းငယ် ရှိနိုင်တယ်လို့ ပြောပါတယ်။
ပါတီတစ်ခုတည်း ထူထောင်ဖို့အတွက် မူဘောင်တွေနဲ့ သဘောထားတွေကို တစ်ပါတီချင်းအလိုက် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ကရင်နိုင်ငံရေးပါတီတွေ ပူးပေါင်းဖို့ဆွေးနွေးတာဟာ ဒီတစ်ကြိမ်နဲ့ပါဆိုရင် ၆ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် မတိုင်ခင်တုန်းကလည်း ကရင်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပူးပေါင်းဖို့ ၃ ကြိမ်တိုင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းကို RFA သတင်းထောက် မဝေမာထွန်းဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။