ကရင်နိုင်ငံရေး အကျဉ်းသား ၂ ဦး မိသားစုကို နိုင်ကျဉ်းဟောင်းများ သွားရောက်တွေ့ဆုံ

ပဲခူး ဗုံးဖောက်ခွဲမှုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးထောင်ချခဲ့တဲ့ အမှုတွဲမှာ ၁၂ ဦး ပါဝင်ပါတယ်။ အဲဒီအထဲက စောဖရန်စစ်က ပုဒ်မ ၁၇-၁၊ ၁၃-၁ နဲ့ ထောင်ဒဏ် ၅ နှစ်၊ စောဝီလျံ ကတော့ ၁၃-၁ နဲ့ ထောင်ဒဏ် ၃ နှစ် အသီးသီးနဲ့ အင်းစိန်ထောင်မှာ ကျခံနေရပါတယ်။
သူတို့ မိသားစုတွေကို မှော်ဘီမှာ သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ကိုထွန်းကြည်က အခုလိုပြောပါတယ်။
"သူတို့မိသားစုတွေက ဗမာလိုတောင် သိတ်မရည်လည်ကြပါဘူး။ ကရင်တိုင်းရင်းသားတွေ အလွန်ရိုးပါတယ်။ စောဝီလျံက အဖေမရှိတော့ပါဘူး။ အမေက အသက် ၆၅ နှစ်ရှိပါပြီ။ စောဝီလျံက လူပျိုပါ။ စောဖရန်စစ်က အဖေမရှိတော့ပါဘူး။ မိခင်အိုကြီးက အသက် ၇၅ နှစ်ရှိပါပြီ။ တော်တော်လေး ဆင်းရဲပါတယ်။ စောဖရန်စစ်ကတော့ ခလေး ၃ ယောက်ရှိပါတယ်။ ဇနီးသည် မအေးမာက သူ့မိဘတွေဆီ သူပြန်ပြီးတော့ လုပ်ကိုင်စားသောက်နေပါတယ်။ သူတို့ကို စာအုပ်တို့၊ ပန်ကန်ပြားတို့၊ ဇလုံတို့၊ ခေါက်ဆွဲခြောက်တို့၊ နို့မှုန့်အစားအသောက်လောက်ပဲ ကျွန်တော်တို့ပေးနိုင်ပါတယ်"
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အပတ်စဉ်တိုင်း သွားရောက်အားပေးတဲ့ လှုပ်ရှားမှုအပြီးမှာ အခြေခံဥပဒေပါ အချက်အလက်တွေကို စုပေါင်း လေ့လာဆွေးနွေး ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် စိတ်ဝင်စားသူ လူငယ်တွေကို တက်ကြွလှုပ်ရှားသူ နိုင်ငံသား များရဲ့တာဝန်၊ ဥပဒေရေးရာစတဲ့ အကြောင်းအရာ ဗဟုသုတဖြန့်ဝေတဲ့ သင်တန်းတွေကို လာမဲ့ ၂၀ ရက်နေ့ကစပြီး ပုံမှန် ပို့ချသွားမယ်လို့ ပြောပါတယ်။