ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.04.29
ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အား တွေ့ရစဉ်။ (ယခင်ပုံအဟောင်း)
Kanpetlet Time News

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် လွန်ဒုံကျေးရွာကို ဧပြီလ ၂၈ ရက်နေ့ နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၆၈ နှစ်အရွယ် ဦးမနားထန်ဖြစ်ပြီး ခြေတစ်ဖက်ပြတ်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲလည်းမရှိဘူး။ ဒီအတိုင်း စစ်ကောင်စီ ဗုံးလာလာကြဲတာ။ ပထမက သုံးဦးဒဏ်ရာရတာ၊ သေတဲ့သူက ဒဏ်ရာကနေ သွေးထွက်လွန်ပြီး သေသွားတာ"

ဒဏ်ရာရသူတွေတော့ အသက် ၄၅ နှစ်အရွယ်နဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် ကျေးရွာဆေးပေးခန်းနဲ့ လူနေအိမ်သုံးလုံးပါ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူ ၈၈၉ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။