တိုက်ပွဲကြောင့် တရုတ်နယ်စပ် ကန်ပိုက်တီက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.10.21
တိုက်ပွဲကြောင့် တရုတ်နယ်စပ် ကန်ပိုက်တီက ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရ ကန်ပိုက်တီမြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
ကန်ပိုက်တီကုန်လိုင်းကားများစုစည်းရာ

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ပေါ်နဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။

ကန်ပိုက်တီမြို့ပေါ်အပါအဝင် ဝေမိုး၊ ဝေါ့ချုံ့၊ ရှန်ကျိုင်ရွာတွေက ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးနေရတာ ငါးရက်ခန့်ရှိလာပြီလို့ ကန်ပိုက်တီ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အကုန်လုံးက တောတောင်ဘက်ကိုပဲ ထွက်ပြေးနေကြတာ။ မြို့ဘက်၊ တရုတ်ဘက် ထွက်ပြေးဖို့လည်း ပိုက်ဆံမရှိကြဘူး။ ဝေါ့ချုံ့လည်း တစ်ရွာလုံးပဲ၊ ဝေမိုးကလည်း အိမ်စောင့် တစ်ယောက် နှစ်ယောက်ပဲ ကျန်တာ။ ကန်ပိုင်တီလည်း တူတူပဲ။ ရှန်ကျိုင်ကလည်း ထွက်ပြေးကြတယ်”

ကန်ပိုက်တီဒေသဘက်ကို အောက်တိုဘာလ ၂၀ ရက် မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတချို့ လုပ်ခဲ့ပြီး ဒီနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သူက ပြောပါတယ်။

ကန်ပိုက်တီမြို့နဲ့ မိုင် ၂၀ ခန့်ဝေးတဲ့ ရှန်ကျိုင်ရွာက အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ်ရဲ့ ကာကင်းစခန်း ၅ ခုကို အောက်တိုဘာ ၁၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူပြီး နောက် အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် ဌာနချုပ်နေရာနဲ့ ကန်ပိုက်တီမြို့ဘက်မှာ တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်တဲ့အတွက် ကြိုတင်တိမ်းရှောင်ထွက်ပြေးကြတာလို့ ဆိုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး KIA က သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကိုတော့ လုံခြုံရေးနဲ့ လိုအပ်တဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်က ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာပါ။

တိုက်ပွဲတွေဖြစ်နေစဉ် ပန်ဝါက တရုတ်နယ်စပ်ဂိတ်မှာ လူတစ်ထောင်ခန့်ပိတ်မိခဲ့ပြီး လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် မိမိနေရပ်မှာ ပြန်လည်နေထိုင်ကြပြီး လေကြောင်းရန်ကိုတော့ စိုးရိမ်နေရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဝါနဲ့ လွယ်ဂျယ်အပါအဝင် KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းကစလို့ တရုတ်နိုင်ငံဘက်က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။