ကန်ပိုက်တီ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

RFA Burmese
2024.10.17
ကန်ပိုက်တီ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် ကန်ပိုက်တီမြို့အဝင် ဆိုင်းဘုတ်အား တွေ့ရစဉ်။
ကန်ပိုက်တီကုန်လိုင်းကားများစုစည်းရာ

တရုတ်နယ်စပ်ဖြစ်‌တဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့က စစ်ကောင်စီရဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ ၁၇ ရက်နေ့မှာ စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပိုက်တီက စစ်ကောင်စီစခန်းကို တိုက်ခိုက်နေပေမယ့် စခန်းသိမ်းနိုင်တဲ့အထိ မထိန်းချုပ်နိုင်သေးဘူးလို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

“စင်ကျိုင်ဘက်မှာ BGF ရဲ့ ၁၀၀၃ ပေါ့။ သူကတပ်ရင်းဌာနချုပ်ဖြစ်နေတယ်။ အဲဒီဟာကို တိုက်နေတယ်လို့တော့ပြောတယ်။ ဒါပေမဲ့ စခန်းသိမ်းတဲ့ဟာတော့ အခုထပ်ထိတော့ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်တာ မရှိသေးဘူးဗျ။ တိုက်ပွဲရှိတယ်လို့ပဲ ပြောကြတယ်”

တရုတ် - မြန်မာ နယ်စပ် ကချင်အထူးဒေသ (၁) ပန်ဝါမြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ် ဌာနချုပ်ကိုလည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၅ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီက ကချင်အထူးဒေသ (၁) ချီဖွေမြို့နယ် ဖီမော်ဒေသမှာ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်၊ ပန်ဝါမှာ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်၊ ကန်ပိုက်တီမှာ အမှတ် (၁၀၀၃) တို့ အခြေစိုက်ထားပြီး ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတာပါ။

အခု ကချင်အထူးဒေသ (၁) မှာကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ဖို့ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာပါ။

ကန်ပိုက်တီက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဒီနှစ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံ၊ ဆော့လော်၊ ချီဖွေ စတဲ့မြို့ ၁၁ မြို့နဲ့ စစ်တပ်စခန်းပေါင်း (၂၂၀) ခန့်ကို KIA နဲ့ ပူပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။