ကနီမှာ လေပြင်းကြောင့် မေလ အတွင်း နေအိမ် ၇၀၀ ကျော်ပျက်စီး


2017.05.15
kani-wind-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့အိမ်များကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ မေလ ၁၅ ရက်နေ့က သွားရောက်ကူညီအားပေးစဉ်
Photo: Sagaing Regional lnformation Page/ Facebook

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းမှာ အခုလအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်အလုံးရေ ၇၀၀ ဝန်းကျင် ပျက်စီးဆုံးရံှုးခဲ့ပြီး ဒေသခံတွေအနေနဲ့ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ ငွေကြေး လိုအပ်ချက်တွေ ရှိနေပါတယ်။

နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ဖို့အတွက် ဖမ်းဆီးထားတဲ့သစ်တွေကို ခွဲတမ်းနဲ့ချထားပေးဖို့ စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ထံ တောင်းဆိုထားတယ်လို့ ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"မနေ့ညကတော့ ကျနော်တို့ဖြစ်ဖြစ်ချင်းပဲ ဝန်ကြီးချုပ်ကို ဖမ်းဆီးသစ်တွေ ထဲကနေ ဖြစ်နိုင်ရင် ကျနော်တို့ ပျက်စီးဆုံးရံှုးသွားတဲ့ တအားဆိုးတဲ့ အခြေအနေဆိုးတဲ့ ဟာတွေကို ချပေးဖို့တော့ တောင်းဆိုထားတာပဲဗျ၊ ရ မရတော့ ကျနော်လည်းမသိဘူး၊ အလုံးရေ ၇၀၀ ပတ်ဝန်း ကျင်လောက်တော့ရှိသွားပြီ၊ စာသင်ကျောင်း ကလည်း ၉ ကျောင်းလောက် လောလောဆယ်ပျက်စီးသွားတယ် ပေါ့နော်၊ အဲဒါ့တွေကိုလည်း ဒီကျောင်းဖွင့် ရာသီနဲ့ ချိန်ပြီးတော့ ပြင်နိုင်အောင်တော့ကြိုးစားနေတာပဲ"

ကနီမြို့နယ်အတွင်းမှာ အခုလဆန်းပိုင်းကစတင်ပြီး လေပြင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး မေ လ ၁၄ ရက်နေ့ မနေ့ညကလည်း လေပြင်း တိုက်ခတ်ခဲ့တဲ့အတွက် လူနှစ်ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုလအတွင်း လေပြင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ဦးရေ ၃ ဦးအထိရှိလာပြီး သေဆုံး သူတွေကို တိုင်းဒေသကြီးအစိုးရက တစ်ဦးကို ငွေကျပ် ၃ သိန်းစီ ထောက်ပံ့ကြေး ပေးအပ်ထားတယ်လို့ ဦးထွန်းထွန်းဦး က ပြောပါတယ်။

ဒါ့အပြင် လေပြင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပျက်စီးဆုံးရံှုးမှုအလိုက် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ငွေကြေး ထောက်ပံ့ပေးရာမှာ သွပ် ၁၀ ချပ် နဲ့ အောက်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေအတွက် ငွေကျပ်နှစ်သောင်း၊ သွပ်အချက် နှစ်ဆယ်အောက် ဆုံးရှုံးခဲ့တဲ့ အိမ်တွေအတွက် ငွေကျပ် ငါးသောင်းနဲ့ လုံးဝ ပျက်စီးသွားတဲ့နေအိမ်တွေ အတွက် ငွေကျပ် တစ်သိန်းထောက်ပံ့ထားတယ်လို့ သိရပါတယ်။

အဲဒီ နှုန်းထားနဲ့ နေအိမ်တွေကို ပြန်လည်ပြင်ဆင် ဆောက်လုပ်ဖို့အတွက် လောက်ငမှု မရှိတာကြောင့် ဒေသခံတွေ အနေနဲ့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

ကနီမြို့နယ်အပါဝင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ၃ လအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်း အဆောက်အဦး စုစုပေါင်း ၅၁ လုံး ပျက်စီး ဆုံးရှုံးသွားတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။