လမ်းပြင်ပေးဖို့ ကန်ဘောက်ဒေသ ခံတွေ တောင်းဆိုဆန္ဒပြ


2014.02.22
kanbouk-305.jpg ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသမှာ Total၊ Petronas နဲ့ PTTEP ကုမ္ပဏီ ၃ ခုကို ဆန္ဒပြနေစဉ်
photo: RFA/ Kyaw Lwin Oo

တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲကုမ္ပဏီတွေဖြစ်တဲ့ Total၊ Petronas နဲ့ PTTEP ကုမ္ပဏီ ၃ ခုကို ကန်ဘောက်ဒေသက ကျေးရွာ ၂၀ နီးပါးက ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာ ကျေးရွာချင်းဆက် လမ်းတွေ ပြုပြင်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။

အဲ့ဒီလမ်းကို အသုံးပြုတဲ့ကုမ္ပဏီ ၃ ခုအနေနဲ့ ကျေးရွာချင်းဆက်သွယ်တဲ့လမ်းကို ကတ္တရာခင်းပေးဖို့ တောင်းဆိုကြတာလို့ ဒီနေ့ဆန္ဒပြရာမှာပါဝင်တဲ့ ကောင်းမှုကျေးရွာက ကိုသစ်လွင်က ပြောပါတယ်။

"Total၊ Petronas၊ PTTEP ဆိုပြီး ကုမ္ပဏီ ၃ ခုရှိတယ်၊ ကျနော်တို့ ကျေးရွာချင်းဆက်တဲ့ လမ်းကိုပဲ သူတို့ရဲ့ စီမံကိန်းလမ်းအဖြစ် အသုံးပြုတယ်၊ လမ်းရဲ့ဝဲယာမှာ အိမ်တွေ အများကြီးရှိတယ်၊ ဒီလမ်းမှာ ကုမ္ပဏီကကားတွေ အသွားများတဲ့အခါ သွားရင်းနဲ့ပဲ ဖုန်ရှူနေရ၊ စားနေရင်းနဲ့လည်း ဖုန်ရှူနေရ၊ အိပ်နေတဲ့အချိန်လည်း ဖုန်ရှူနေရ၊ ဒါနဲ့ကျနော်တို့က ကတ္တရာခင်းပေးပါ၊ သူတို့ကို ပြေလည်ရာပြေလည်ကြောင်းပြောတယ်၊ ဒါပေမဲ့ သူတို့က အကြိမ်ကြိမ်အခါခါငြင်းတယ်၊ ကျနော်တို့က ဒီလိုမျိုးဖုန်ထူတဲ့အခါ မခံနိုင်တော့ဘူး၊ အဲဒါကြောင့် ကျနော်တို့က သူတို့ကုမ္ပဏီတွေကို ဆန္ဒပြရခြင်းဖြစ်တယ်"

ဒီနေ့ ဆန္ဒပြရာမှာ လျှပ်စစ်မီးရရှိရေးအတွက်လည်း တောင်းဆိုဖို့ စီစဉ်ထားပေမယ့် အဲ့ဒီအချက်ကို ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူးလို့ သိရပါတယ်။

မိချောင်းအိုင်၊ ဖားချောင်းအင်း၊ ဖောင်းတော၊ ကောင်းမှု၊ အုန်းပင်ကွင်း၊ ပြင်ကြီး၊ ဓမင်းဆိပ် စတဲ့ ကျေးရွာ ၂၀ နီးပါးကို ဆက်သွယ်ထားတဲ့လမ်းဟာ ၁၂ မိုင်ရှည်ပြီး ကုမ္ပဏီ ၃ ခုစလုံးဟာ စီမံကိန်းအတွက် အဲ့ဒီလမ်းမှာ တစ်နေ့ကို အခေါက် ၇၀ လောက် ကုမ္ပဏီကားတွေ ဖြတ်သန်းသွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ပြင်သစ်နိုင်ငံက Total၊ မလေးရှားနိုင်ငံက Petronas နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီ ၃ ခုစလုံးဟာ ကန်ဘောက်ဒေသ အုန်းပင်ကွင်းရွာမှာ ရုံးစိုက်ပြီး ထိုင်းနိုင်ငံကို ဓာတ်ငွေ့တင်ပို့နေတာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။