စစ်ကြောင်းဝင်လာလို့ ကန့်ဘလူမြို့နယ် ရွာ ၁၃ ရွာက ဒေသခံရှစ်ထောင်ခန့် ထွက်ပြေးရ

RFA Burmese
2023.09.05
စစ်ကြောင်းဝင်လာလို့ ကန့်ဘလူမြို့နယ် ရွာ ၁၃ ရွာက ဒေသခံရှစ်ထောင်ခန့် ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ကရွာတွေကို စက်တင်ဘာလ ၄ ရက် မနက်အစောပိုင်းကစပြီး အင်အားသုံးရာခန့်ပါ စစ်ကြောင်း ဝင်ရောက်စီးနင်းနေတာကြောင့် ရွာ ၁၃ ရွာက ဒေသခံ ရှစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေ မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။

အင်းလယ်ကြီး၊ ရွာမ၊ စိန်တော၊ သရက်တော၊ ရွာသစ်၊ ရီဒွေး၊ ညန်အင်း၊ ဇီးပင်သာ၊ ရသား၊ ထိန်တော၊ ဘိုကုန်း၊ ဆူးပုတ်ကုန်းနဲ့ ကျွန်းပင်ကုန်း စတဲ့ ရွာပေါင်း ၁၃ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စက်တင်ဘာလ ၅ ရက်ဒီကနေ့မှာလည်း အင်အား ၁၈၀ ကျော်ပါစစ်ကြောင်း အင်းလယ်ကြီး ရွာကို ဝင်ရောက်မွှေနှောက်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမနက်မှာ ဝင်သွားတာဟုတ်တယ်။ အခု ရွာမှာ ပတ်မွှေနေတယ်ပေါ့။ ဒေသခံတွေက တော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရွာက ရှောင်ထားနှင့်ကြတော့ ဖမ်းဆီးခံရ တာ မရှိဘူး။ သူတို့က နယ်​မြေ ရှင်းလင်းရေး ဆိုပြီး ရွာစဉ်အလိုက်ကို မွှေတာ။ အိမ်တွေပါ ပြောင်အောင် မီးရှို့သွားကြတာ"

အင်းလယ်ကြီးရွာဟာ အိမ်ခြေနှစ်ရာနီးပါးနဲ့ လူဦးရေငါးရာကျော် နေထိုင်ကြပြီး အခုက ဒုတိယအကြိမ် စစ်ကြောင်း ဝင်ရောက်စီးနင်းခံရတာလို့ ဆိုပါတယ်။

ထွက်ပြေးနေရသူတွေထဲမှာ ကိုယ်ဝန်ဆောင်၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အသက် မပြည့်သေးတဲ့ ကလေးသူငယ်တွေပါ ပါဝင်ပြီး အမိုးအကာမလုံလောက်တဲ့ နေရေးထိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်ကနေ ဝင်ရောက်လာတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့က ရွာမရွာခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို အဖမ်းခံ ထားရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။