ပုဏ္ဏားကျွန်း ကံသစ်ဒုက္ခသည်စခန်း စားနပ်ရိက္ခာ ပြတ်လပ်နေ

ရခိုင်ပြည်နယ် ကံသစ်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွေ့ရစဉ်။
ရခိုင်ပြည်နယ် ကံသစ်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွေ့ရစဉ်။ (Citizen Journalist)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်စစ်ဘေးဒုက္ခသည်ခစန်းမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီစခန်းမှာ လက်ရှိအိမ်ထောင်စု ၅၀ ခန့်နဲ့ လူဦးရေ ၂၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာမရှိတော့လို့ ဒုက္ခသည်တွေ ထမင်းငတ်မယ့်အခြေအနေ ဖြစ်နေတယ်လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးကြံထွန်းအောင်က RFA ကိုပြောပါတယ်။

"စခန်းမှာ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။ အရင်တစ်ခေါက်က ICRC က တစ်အိမ်ထောင်ကို ဆန်တစ်အိတ် ပေးခဲ့တာ ရှိတယ်။ အဲဒါ ကုန်သွားတာကြာပြီ။ အခု အလှူရှင်တွေလည်းမရှိဘူး။ မိသားစုနည်းတဲ့ သူတွေက ခံသာသေးတယ်။ များတဲ့သူတွေက ကုန်ပြီ။ ချေးငှားလို့လည်း မရတော့ဘူး။ ဒီအတိုင်းဆို ဒုက္ခသည်တွေ ထမင်းငတ်တော့မယ် "

ဒါ့အပြင် ဆေးဝါးနဲ့သောက်သုံးရေပါ ခက်ခဲနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေအနေနဲ့ အရေးပေါ် အကူအညီပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေဟာ ဗုဒ္ဓေါရွာကဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရွာတွေအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စက်တင်ဘာလကတည်းက ဒုက္ခသည်စခန်းကို ထွက်ပြေးလာကြတာပါ။

လက်ရှိ ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေရပ်နေပေမယ့် ရွာအနီးက တောင်တန်းမှာ စစ်ကောင်စီတပ်သားတွေ စခန်းချထားဆဲ ဖြစ်တာကြောင့် နေရပ်ကိုမပြန်ရဲကြတာလို့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

ကံသစ်စစ်ဘေးဒုက္ခသည်ခစန်းမှာ စားဝတ်နေရေး ခက်ခဲနေတဲ့အပေါ် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်း ခုနစ်ထောင်နီးပါး ရှိပါတယ်။