ကမာရွတ်မီဒီယာက ဦးဟံသာညိန်း ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ

RFA Burmese
2022.12.26
ကမာရွတ်မီဒီယာက ဦးဟံသာညိန်း ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းအား တွေ့ရစဥ်။
Citizen Journalist

ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ်လည်းဖြစ် ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ ဦးဟံသာညိန်းကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ငါးနှစ်ထပ်မံချမှတ်လိုက်တာကြောင့် သူဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

ဒီမတိုင်ခင် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်ကလည်း ဦးဟံသာညိန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

အခုတစ်ခါ အီလက်ထရွန်နစ်ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ထပ်မံချမှတ်ခံရတာပါ။ ဒီအတွက် မအံ့သြဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"ထောင်ဒဏ်ချမယ်ဆိုတာ မျှော်လင့်ထားပြီးသားမို့ ထူးပြီးမအံ့ဩတော့ပါဘူး။ လွတ်လာမယ့်ရက် မျှော်ရုံပဲ ရှိပါတယ်"

အီလက်ထရွန်နစ်ဥပဒေ ပုဒ်မ-၃၃ (က) ဟာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး၊ အမျိုးသား ယဉ်ကျေးမှု စတာတွေကို ထိခိုက်ကြောင်းထင်ရှားရင် ထောင်ငါးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မီဒီယာရုံးခန်းကို ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်နဲ့အတူ ဦးဟံသာညိန်း ဖမ်းဆီးခံခဲ့ရတာပါ။

အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဦး ဟံသာညိန်းကိုတော့ ထောင်ဒဏ်ထပ်မံချမှတ်ခဲ့တာပါ။

အာဏာသိမ်းပြီးနောက် သတင်းသမား ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၄၀ ဝန်းကျင်ဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။