ကလေးမြို့မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ သုံးသောင်းကျော် ထွက်ပြေးနေရ
2023.04.04

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကလေးဒေသ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ မတ်လကုန်ကနေ ဧပြီလ ၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာ ကြောင့် ရွာပေါင်းဆယ်ရွာထက်မနည်းက ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မြောက်ပိုင်းက လက်ပံချောင်း၊ မြောက်ချော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ပြည်တော်သာ၊ ရာဇာဂြိုဟ်နဲ့ ဆည်ကြီး စတဲ့ရွာတွေက ဒေသခံအားလုံး ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဧပြီ ၃ ရက် မနေ့ညနေကလည်း ပျဉ်းတောဦးရွာအနီးကို ဂျက်တိုက်လေယာဉ်တစ်စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစီးနဲ့ ဗုံးကြဲခဲ့သလို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကလည်း ၁၂၂ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးရွာဘက်မှာ တိုက်ပွဲပြင်းထန်တယ်။ မနေ့ ၃ နာရီကျော်မှာ လေယာဉ်နဲ့ရော လက်နက်ကြီးနဲ့ရောပစ်တယ်။ အဲဘက်မှာတော့ လူတွေအကုန်ပြေးကြပြီ။ အကုန်လုံးက ကလေးမြို့ပေါ်နဲ့ တောထဲဘက်တွေ ပြေးနေကြတာ"
စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ထွက်ပြေးနေရတဲ့ ဒေသခံအများစုဟာ ကလေးမြို့ပေါ်က နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ ခရစ်ယာန်ဘုရားကျောင်း၊ ကျမ်းစာကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၃ ရက်နေ့အထိ ကလေးမြို့မှာရှိတဲ့ လေယာဉ်ကွင်းမှာလည်း ရဟတ်ယာဉ်တွေ ဆင်းသက်ခဲ့ပြီး လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဧပြီလ ၄ ရက် ဒီနေ့မနက်အစောပိုင်းကလည်း ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စီးယင်းဒေသကာကွယ်ရေး CDM အဖွဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။