ကလေးတောင်ပိုင်း တိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀ ခန့် ထပ်မံထွက်ပြေးရ

2022.02.15
ကလေးတောင်ပိုင်း တိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀ ခန့် ထပ်မံထွက်ပြေးရ တောထဲထွက်ပြေးနေရတဲ့ ကလေးမြို့နယ်က ဒေသခံတွေကို ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသ ကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၄ ရက် မနေ့က သွားရောက်တိုက်ခိုက်ပြီး အပြန် အလှန် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကို စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့မှာပါဝင်ဖို့ ဖိအားပေးတာတွေရှိနေ တာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာလို့ ကလေး-ကဘော်-ဂန့်ဂေါ CDF အဖွဲ့ရဲ့ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာမှာ တပ်စွဲထားတဲ့စခန်းပေါ့နော်။ ကာလတစ်ခုတော့ ကြာမြင့်ပါပြီ။ တပ်စခန်းချထားတာပေါ့နော်။ အခုနောက်ပိုင်းမှာ တော့ ဒေသခံပြည်သူတွေကို ပြည်သူ့စစ်လုပ်ဖို့ ဖိအားပေးတာတွေရှိတယ်လို့ ကျွန် တော်တို့လည်း မြေပြင်သတင်းတွေအရ သိရတယ်ပေါ့နော်။ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တာတွေလည်းရှိတယ်ဆိုတဲ့ မြေပြင်သတင်းတွေလည်း အတိအကျရထား တာရှိတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေရှိတဲ့နေရာ၊ ဒေသတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်လာတာရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ မနေ့က ညနေ ၆ နာရီလောက်မှာ CDF KKG နဲ့ CDF ဟားခါး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်

ဒီတိုက်ခိုက်မှုကို ဟားခါး CDF အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်နာရီလောက် ကြာအောင် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးခဲ့ပေမယ့် CDF အဖွဲ့တွေဘက် ကတော့ ထိခိုက်တာမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က အခုလို တုံ့ပြန်ပါတယ်။

“စစ်ကိုင်းဘက်မှာတော့ PDF အင်အား ၁၀၀ လောက်နဲ့ ဝင်လာပြီးတော့ မီးရှို့သွားတဲ့ ဖြစ်စဉ်ဖြစ်တယ်။ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရတဲ့ဟာ ရှိတယ်။ PDF တွေ နှောင့်ယှက်တိုက်ခိုက်တာရှိတယ်။ PDF တွေက အထဲအထိ ရောက်လာတယ်။ နေအိမ်တွေ မီးရှို့သွားတာရှိတယ်။ သူတို့ဆီက လက်နက်တချို့ ရလာတာတော့ ရှိတယ်။ စစ်ကိုင်းဘက်က ခြုံငုံပြောမယ်ဆိုရင် ယခင်ကလောက်တော့ နေရာအနှံ့မှာ ဖြစ်ပွားတာ မရှိတော့ဘူး။ သို့သော် သူတို့လုပ်နေတဲ့ပုံစံက အင်အားတွေစုပြီးတော့ သူတို့ဘက်မပါတဲ့ လူတွေ၊ ပြည်သူ့စစ်ရှိတဲ့ နေရာတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်တာဖြစ်ပါတယ်”

"ဒီနေ့ ရန်ကြီးအောင်ရွာကို မီးရှို့တယ်"

မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ ရန်ကြီးအောင်ရွာမှာ ဒီနေ့မနက်မှာတော့ အိမ်ရှစ်လုံးလောက် မီးရှို့ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“KKG တပ်ဖွဲ့နဲ့ ဒီကလေးတောင်ပိုင်း ရန်ကြီးအောင်မှာ တိုက်ပွဲဖြစ်ရာမှာ ဟိုဘက်က ငါးယောက်ကျတယ်လို့ ကြားတယ်ဗျ။ အဲဒါကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ရန်ကြီးအောင်ရွာကို မီးရှို့တယ်။ နေအိမ် ရှစ်လုံးလောက်ပါသွားပြီလို့ ကြားတယ်ဗျ။ ဒီမနက်ပိုင်းပဲ။ အခု ရှို့နေတာ

(CDF - KKG တပ်ရင်း (၄) စစ်သင်တန်းဆင်းပွဲကို ၂၀၂၂ ဇန်နဝါရီ  ၁၅ ရက်ကပြုလုပ်စဥ်) Photo: CDF-KKG
(CDF - KKG တပ်ရင်း (၄) စစ်သင်တန်းဆင်းပွဲကို ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်ကပြုလုပ်စဥ်) Photo: CDF-KKG

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းပစ်တာတွေ ကြောင့် ရန်ကြီးအောင် အပါအဝင် ရေရှင်၊ တင်သား၊ ကျော်ရွာ စတဲ့ရွာတွေက လူဦးရေ ၁၅၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တင်သားရွာခံတစ်ဦးက အခုလို ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ ထုတော့ ပြေးရတာပေါ့။ ပြည်သူတွေက ရွာမှာ မနေရဲကြတော့ဘူး။ အိမ်မှာ မနေရဲကြဘူးလေ။ နေအိမ်တွေကို ထုတော့ အိမ်တွေကို မှန်တော့ လူတွေဒဏ် ရာရ၊ နွားတွေ သေဆိုတော့ ရွာတွေ ပြန်မရောက်နိုင်သေးဘူး။ ကျေးရွာတွေ၊ တောထဲ တောင်ထဲတွေ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ တစ်အိမ်ကို မိသားစု ငါးယောက်နှုန်း နဲ့ဆိုရင် လူဦးရေ ၁၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတာပေါ့”

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေကြား အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖေဖော်ဝါရီလအတွင်းမှာ ကလေး-ကဘော်-ဂန့်ဂေါ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်တစ်ခုလုံးမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဟာ ဒီနေ့အချိန်အထိ လူပေါင်းနှစ်သောင်းကျော်လောက်ရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

အဲဒီဒေသဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်း သုံးပွင့်ဆိုင်ဒေသဖြစ်ပါတယ်။ မကွေးတိုင်းထဲက ဆိုရင် ဂန့်ဂေါနယ်နဲ့ ထိစပ်နေသလို ချင်းတောင်တန်းတွေရဲ့ အစလည်းဖြစ်ပါတယ်။ အဲဒီဒေသတစ်လျှောက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေလို့ စစ်ကောင်စီဘက် ကလည်း အပြင်းအထန် ပြန်ပြီးချေမှုန်းနေတာတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။