ကလေးမြို့က လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား မပါဝင်
2024.01.04
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဥ်းထောင်ကနေ ဇန်နဝါရီလ ၄ ရက်နေ့မှာ အကျဥ်းသားတစ်ရာကျော် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဥ်းသား မပါဝင်ဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ခိုးမှု၊ လုယက်မှု၊ ဆေးမှု စတဲ့အမှုတွေနဲ့ ပြစ်ဒဏ်ချခံနေရသူ အမျိုးသား ၅၂ ဦးနဲ့ အမျိုးသမီး ၅၄ ဦး လွတ်မြောက်လာတာလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
နိုင်ငံရေး အကျဥ်းသားတစ်ဦးရဲ့ မိခင်ကလည်း သမီးဖြစ်သူ လွတ်မြောက်မလာတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။
“လွတ်ငြိမ်းထဲ သမီးလေးပါရင် ကောင်းမယ်လို့ သွားတော့ စောင့်သေးတယ်။ မပါတော့တာ သေချာတယ်ဆိုမှ ညနေပိုင်းကျမှ ပြန်လာကြတာ။ မပါတော့လည်း ဝမ်းနည်းမိတယ်”
စစ်ကောင်စီကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား၊ အကျဥ်းသူ ၉၆၅၂ ဦးကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ကလေး၊ ရမည်းသင်း၊ မြင်းခြံ၊ သရက်၊ ဒိုက်ဦး၊ ပေါင်းတည်၊ ဟင်္သာတ၊ မအူပင်နဲ့ မော်လမြိုင် ထောင်တွေက လွတ်လာသူတွေမှာ နိုင်ငံရေးအကျဥ်းသား တစ်ဦးမှ မပါဝင်ခဲ့ပါဘူး။