ကလေးမြို့မှာ ကိုရိုနာကပ်ရောဂါကြောင့် တစ်လအတွင်း လူ ၁၈၀ ကျော်သေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ဒီနေ့ဇွန်လ ၂၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ စုစုပေါင်း ၁၈၀ ကျော်ရှိနေကြောင်း အကူအညီပေးနေတဲ့ မြို့ခံလူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။
-
စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021-06-29 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ဒီနေ့ ဇွန်လ ၂၉ ရက်နေ့အထိ သေဆုံးသူပေါင်း ၁၈၀ ကျော်ရှိပြီး အဲဒီအထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ သေဆုံးတယ်လို့ အတည်ပြုထားတဲ့ သူတွေကတော့ ပြည်သူ့ဆေးရုံမှာ သေဆုံးသူ ၂၈ ဦး၊ သီးသန့်စောင့်ကြည့် ကုသရေးစင်တာမှာ သေဆုံးသူ ၂၃ ဦး၊ စုစုပေါင်း ၅၁ ဦး ရှိတယ်လို့ အကူအညီပေးနေတဲ့ မြို့ခံလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
နောက်ထပ် လူ ၁၃၀ ကတော့ ရပ်ကွက်အသီးသီးမှာ သေဆုံးပြီး သင်္ဂြိုဟ်ခဲ့ရတဲ့ နာရေးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရပ်ကွက်တွေထဲက နာရေးအများစုဟာ ပိုးကူးစက်ခံရသူတွေမှာ တွေ့ရှိရတဲ့ လက္ခဏာတွေ ရှိနေတာအပြင် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို စစ်ဆေးကြည့်ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့အတွက် အားလုံးကို PPE ဝတ်စုံ အကာအကွယ်တွေနဲ့ စနစ်တကျ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ နာရေးအကူအညီတွေပေးနေတဲ့ မြို့ခံအရပ်ဖက် အဖွဲ့အစည်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အပြင်မှာ သေတဲ့နာရေးကတော့ ပိုများပါတယ်။ ပိုးတွေ့တွေ့ မတွေ့တွေ့ ပြည်သူတွေကတော့ ဘယ်သူမှ အနားမကပ်ရဲကြတော့ဘူးပေါ့နော်။ အဲဒါကြောင့်လည်း အကုန်လုံးကို ပီပီအီးနဲ့ပဲ သင်္ဂြိုဟ်တော့တာ။ ပြည်သူ့ ဆေးရုံမှာလည်း အောက်ဆီဂျင်နဲ့ ဆရာ၊ ဆရာမတွေ လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် ကိုယ့်အိမ်မှာပဲ ကုချင်ကြတာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ သူတို့တွေကို သံသယလူနာလို့ပဲ ပြောလိုတာပေါ့နော်။ အပြင်မှာသေတဲ့သူတိုင်းကို ကိုဗစ်သံသယရှိသူတွေလို့ပဲ ကျွန်တော်တို့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မိသားစုဝင်တွေကို စစ်လိုက်ရင် နှစ်ယောက် သုံးယောက်လောက်ကတော့ ပိုးတွေ့တာချည်းပဲ”
မနေ့ကလည်း တာဟန်းရပ်ကွက်ကနေ အသက် ၁၃ နှစ်နဲ့ ၉၃ နှစ် နာရေးနှစ်ခုကို လိုက်ပါပို့ဆောင်ပေးခဲ့ရပြီး ပိုးကူးစက်ခံရလို့ သေဆုံးတာ ဟုတ်၊ မဟုတ် အတည်မပြုထားပေမယ့် အသက်ရှင်ကျန်ရစ်သူတွေ အန္တရာယ်ကင်းစေဖို့ နာရေးကို PPE ဝတ်စုံတွေနဲ့ စနစ်တကျ သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း သူကဆိုပါတယ်။
အမည်မဖော်လိုတဲ့ မြို့ခံလူကြီးတစ်ဦးကလည်း ကလေးမြို့ပေါ်မှာ နာရေးအခမ်းအနားတွေဟာ နေ့စဉ်ရှိနေတယ်လို့ ပြောပါတယ်။
“ကလေးမြို့မှာက သေဆုံးမှုတွေ များနေတယ်။ ဟိုတစ်ရက်ကဆိုရင် ၃၀ နီးပါးလောက် သေတယ်။ လူ ၂၀ သေတဲ့ရက်ရှိတယ်။ ၁၄ ယောက် သေတဲ့ရက်ရှိတယ်။ အခုဟာက ရပ်ကွက်တိုင်းလိုလိုမှာ နာရေးမဏ္ဍပ်တွေရှိတယ်။ နေရာတိုင်းမှာကို ရှိနေတာ။ ခုနက ကျွန်တော်အပြင်ကို ခဏသွားတော့ နာရေးယာဉ်တန်း သုံးခုလောက်တွေ့ခဲ့တယ်။ လူတွေကတော့ နောက်က သိပ်မလိုက်ကြတော့ဘူး။ အရင်လို လူအများအပြား မလိုက်ကြတော့ဘူး။ နာရေးယာဉ်နဲ့ မိသားစုတွေလောက်ပဲ သွားကြတော့တာ။ အရင် လို စည်စည်ကားကားမရှိတော့ဘူး”
အခုရက်သီတင်းပတ်ဟာ ကလေးမြို့မှာ လူသေဆုံးမှု အများဆုံးဖြစ်ပြီး အချို့ရက်တွေမှာ တစ်ရက်တည်း သေဆုံးမှုဟာ လူ ၂၀ ကျော်လောက်အထိ ရှိတယ်လို့လည်း သူကဆိုပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့မေလ တတိယပတ်လောက်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပွားခဲ့တာပါ။
အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ရေးရှိတဲ့ ချင်းတောင်ဒေသက အလုပ်သမားတွေဟာ မြို့ပေါ်မှာ နေ့စဉ်ကူးလူး ဆက်ဆံတာတွေရှိလို့ သူတို့ဆီကနေတစ်ဆင့် စတင်ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့ မြို့ခံလူကြီးတွေက ယူဆထားကြပါတယ်။
အဲဒီနောက် ပိုးတွေ့လူနာတွေ တဖြည်းဖြည်းများလာလို့ ကလေးမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကစလို့ အသွားအလာ ကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။
ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိတဲ့ ကလေးပြည်သူ့ဆေးရုံမှာတော့ ဝန်ထမ်းတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြလို့ လူနာအားလုံးကို ကုသပေးနိုင်ခြင်း မရှိဘူးလို့ မြို့ခံတွေကပြောပါတယ်။
အစောပိုင်းတော့ လူနာတွေကို စစ်ကောင်စီက သူတို့ရဲ့ စစ်တပ်ဆေးရုံမှာ ကုသပေးခဲ့ပေမယ့် သူတို့မှာလည်း ပိုးကူးစက်သူ လူနာတွေများနေလို့ဆိုပြီး ပြီးခဲ့တဲ့အပတ်ကစလို့ စစ်တပ်ဆေးရုံမှာ ကုသမပေးတော့ဘူးလို့ မြို့ခံလူကြီးတစ်ဦးက ပြောပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ ဆေးရုံတွေကို အားမကိုးကြတော့ဘဲ အိမ်မှာကြိတ်ကုကြရင်း အသက်သေဆုံးတာတွေ များလာခဲ့တာလို့လည်းဆိုပါတယ်။
ဇွန်လ ၁၈ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ သူ့ရဲ့နေအိမ်မှာ အချိန် ၉ ရက်ခန့် ဆေးမြီးတိုတွေနဲ့ ကုသရင်း သေဆုံးခဲ့ပါတယ်။
ဆေးရုံမှာ ဝန်ထမ်းတွေမရှိလို့ အိမ်မှာကုသဖို့ ကြိုးစားရာကနေ အခုလို အသက်သေဆုံးခဲ့ရတာလို့ သူ့ရဲ့ အစ်မဖြစ်သူ အမည်လွှဲ မခိုင်က RFA ကို ပြောပါတယ်။
“စဖျားတော့ အသက်ဆုံးရှုံး နိုင်လောက်တဲ့အထိ ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ ဆေးရုံကို မသွားချင်တာကတော့ သွားရင်လည်း အခက်အခဲတွေ ဖြစ်မယ်။ စောင့်ရှောက်မှု အပြည့်အစုံ မရတာတွေကို ကြားနေရတော့ မသွားခဲ့တာ။ ဆေးရုံလည်ပတ်မှုကလည်း အခုအချိန်မှာ CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအလုပ်လည်း ပြန်မဝင်နိုင် ဖြစ်နေတော့ အဲဒါကြောင့်လည်း ပါပါတယ်”
ကျန်ရစ်တဲ့ သူ့ရဲ့ဇနီးဖြစ်သူကို စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရပေမယ့် အိမ်မှာပဲဆက်လက် ကုသပေးခဲ့ပြီး အခုဆိုရင် ပြန်လည်ကျန်းမာလာပြီလို့ မခိုင်က ပြောပါတယ်။
မကြာသေးခင်က ဆိုရင် တာဟန်းရပ်ကွက်မှာ ဆန်ပြုတ်ရောင်းတဲ့ မိသားစုတစ်စုမှာ အမေ၊ သမီး၊ အဖေ ဖြစ်သူတွေဟာ ရက်ဆက်ဆိုသလို သေဆုံးခဲ့ကြရတယ်လို့ ပိုးတွေ့လူနာတွေနဲ့ ပတ်သက်လို့ စေတနာ့ ဝန်ထမ်းအဖြစ် အကူအညီတွေပေးနေတဲ့ ကလေးမြို့ခံ ဒေါ်သန်းသန်းအေးက ပြောပါတယ်။
“မအေက ဒီနေ့ဆုံးရင် သူငယ်ချင်းနဲ့သားက နောက်နေ့မှာဆုံးတယ်။ တချို့ဆို တစ်အိမ်တည်းမှာ သုံးယောက် တောင်ဆုံးတယ်။ အဲဒါကတော့ ဆန်ပြုတ်ရောင်းတဲ့ မိသားစုပေါ့နော်။ ဆန်ပြုတ်ရောင်းတော့ အပြင်ကလူတွေ လာစားတယ်။ စားတဲ့အခါကျတော့ သမီးက အရင်မဖြစ်ဘူး။ သမီးနဲ့အတူတူနေတဲ့ မအေက အရင်ဖြစ်တာ။ မအေကဖြစ်တော့ ဒါကိုဗစ်လား မသိဘူးလို့ တိုင်ပင်နေကြတုန်းရှိသေးတယ် ညတွင်းချင်း ဆုံးသွားတယ်။ ဆုံးသွားတော့ စစ်လိုက်တာနဲ့ ကိုဗစ်ပိုးပဲ။ နောက်နေ့ သူ့သမီးကိုစစ်ကြည့်တော့ သူ့သမီးလည်း ကိုဗစ်ပဲ။ သူ့သမီးက သုံးရက်ပဲ ခံလိုက်ပြီးတော့ဆုံးတယ်။ နောက်တစ်ရက်ကျတော့ သူ့အဖေပါဆုံးသွားတာ”
ကလေးမြို့မှာ စေတနာရှင် ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ထူထောင်ထားတဲ့ အိတ်စွပ်ကုသရေးစင်တာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးတာ ပိုးတွေ့သူတွေကိုလည်း အဲဒီစင်တာမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
ဒါပေမဲ့ အများစုကတော့ ကိုယ့်ရဲ့နေအိမ်တွေမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ အိတ်စွပ်ကုသရေး စင်တာမှာကုသနေတဲ့ အမည်မဖော်လိုတဲ့ အတည်ပြုလူနာ တစ်ဦးကတော့ ကုသရေး စင်တာမှာလည်း အောက်ဆီဂျင် မလုံလောက်တဲ့ အခက်အခဲကြောင့် အသက်ဆုံးပါးသွားရသူတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အဲဒီစင်တာမှာ ကုသနေတဲ့ အတည်ပြုလူနာပေါင်း ၂၀၀ ကျော်အတွက် ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ရှစ်ဦးလောက်သာရှိတာကြောင့် အခက်အခဲတွေရှိတယ်လို့ သူကပြောပါတယ်။
“တချို့ကျတော့လည်း အောက်ဆီဂျင် မရတာတွေလည်းရှိတယ်ဗျ။ အောက်ဆီဂျင်ရှာမရလို့ အသက်ဆုံးသွားတဲ့ သူတွေလည်းရှိတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း မလုံလောက်ဘူး။ ဒီအိတ်စွပ်စင်တာမှာ ပိုးတွေ့လူနာအယောက် ၂၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ဝန်ထမ်းတွေကတော့ စေတနာ့ဝန်ထမ်းတွေပါ ပေါင်းရင် ရှစ်ယောက်လောက်ပဲရှိတယ်။ သူတို့လည်း တတ်နိုင်သလောက် ကြိုးစားပေးကြပါတယ်။ ဒီစင်တာမှာတော့ လူနာတိုင်းကို ၁၀ ရက်ထားတယ်။ ၁၀ ရက်ပြည့်တာနဲ့ အိမ်မှာပဲ ပြန်နေကြရတာပေါ့နော်”
ကလေးမြို့မှာ အောက်ဆီဂျင် လက်လီအရောင်းဆိုင် ခြောက်ဆိုင်ခန့်ရှိပြီး အပြင်မှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကုသနေရတဲ့ သူတွေအတွက်တော့ အဲဒီဆိုင်တွေက တစ်ဘူးကို တစ်သိန်းခြောက် သောင်းကျပ်လောက်နဲ့ ဝယ်ယူအသုံးပြုနေကြရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပစ္စည်းကုန်သွားတဲ့အခါ အောက်ဆီဂျင် ထပ်ဝယ်ရမယ့်နေရာ မရှိတော့ပါဘူး။
ပိုးတွေ့လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အလှူရှင်တွေရဲ့ အကူအညီနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေကနေ တစ်ဆင့် ယူနေရပြီး အခုဆိုရင် ကလေးမြို့ကို အောက်ဆီဂျင်ဘူးတွေ တင်ဆောင်လာတဲ့ ကုန်တင် ကားကြီးတွေ ရောက်လာကြပြီလို့လည်း အကူအညီပေးနေတဲ့ မြို့ခံတွေက ပြောပါတယ်။
ပြည်သူ့ဆေးရုံကြီးမှာ ဝန်ထမ်းတွေမရှိလို့ ရပ်ထားရတဲ့ အောက်ဆီဂျင် ဖြည့်တင်းတဲ့ စက်ရုံကိုလည်း ပြန်လည်လည်ပတ်နိုင်အောင် ကြိုးစားနေကြတာကြောင့် ရှေ့သီတင်းပတ်လောက်ဆိုရင် အောက်ဆီဂျင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ မြို့ခံတွေက မျှော်လင့်နေကြပါတယ်။
"ကျန်းမာရေးဝန်ထမ်းတွေကလည်း မလုံလောက်ဘူး။ ဒီအိတ်စွပ်စင်တာမှာ ပိုးတွေ့လူနာအယောက် ၂၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ဝန်ထမ်းတွေကတော့ စေတနာ့ဝန်ထမ်းတွေပါ ပေါင်းရင် ရှစ်ယောက်လောက်ပဲရှိတယ်။"
အပြင်ဆေးဆိုင်တွေမှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုသဖို့ ကြိုးစားနေကြတဲ့ သူတွေနဲ့ ကြိတ်ကြိတ်တိုးနေတာကြောင့် ပိုးကူးစက်မှုတွေ ပိုမိုပြန့်ပွားလာမှာကို စိုးရိမ်လို့ ဆေးဆိုင် အများအပြားကို ပိတ်ထားရသလို ဈေးကိုလည်း ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။
ကလေးမြို့က ပိုးကူးစက်သေဆုံးမှုတွေ များနေတဲ့ကိစ္စအပေါ် ဘာတွေ ဆောင်ရွက်နေသလဲဆိုတာ သိနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို RFA က မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဖြေကြားဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
“အထူးသဖြင့် အခုရက်ပိုင်းတွေမှာ ဖြေတဲ့ကိစ္စတွေကို ကိုသန်းနိုင်စိုးကပဲ ဖြေပါတယ်။ ကျွန်မ အခုလောလောဆယ်တော့ ဖြေဖို့အဆင်မပြေနိုင်ပါဘူးနော်”
ကလေးမြို့မှာ တစ်နေ့တခြား ဆိုးရွားလာနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေနဲ့ လူထုပူးပေါင်းပါဝင်မှုတွေက အဓိကကျတဲ့ အချက်ဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြပြည်သူတွေကို လိုက်လံဖမ်းဆီးတာ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေလို့ တစ်ချိန်က ကိုရိုနာ ဗိင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်ရေးမှာ အကူအညီပေးခဲ့ကြတဲ့ လူငယ်အများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းမှုအပေါ်မှာ ဖြစ်ပေါ်လာတဲ့ အမုန်းတရားတွေကြောင့် ဒေသခံတွေဟာ စစ်ကောင်စီရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေအပေါ် ကိုင်တွယ်မှုတွေနဲ့ ပတ်သက်လို့ အကူအညီတွေ မပေးချင်ကြဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်း ဒေသအရေးအတွက် ပူးပေါင်းပါဝင်တာတွေ ရှိလာကြလို့ နောက်ရက် သီတင်းပတ် အနည်းငယ်အတွင်းမှာ ဆိုးရွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် သေဆုံးတွေအပေါ် ထိန်းချုပ်နိုင်ဖို့ မြို့ခံလူကြီးတွေက မျှော်လင့်နေကြပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့က ဇွန်လ ၂၈ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁၅၄,၃၈၅ ဦးအထိ ရှိနေပြီး သေဆုံးသူကလည်း မနေ့က ၁၂ ဦးထပ်တိုးတာကြောင့် သေဆုံးသူ စုစုပေါင်း ၃၃၀၉ ဦးအထိ ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။