ကလေးမြို့နယ်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ တစ်လကျော်မှာ ၅၀၀ နီးပါးရှိနေ
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးမှုဟာ နေ့စဉ် လူ ၂၀ ဝန်းကျင်လောက် ရှိနေပြီး လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်မှု ပြဿနာကလည်း ကြီးမားနေတာကြောင့် ထိန်းချုပ်လို့ မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ အကူအညီပေးနေတဲ့ အဖွဲ့တွေနဲ့ မြို့ခံတွေက ပြောပါတယ်။
-
နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021-07-06 -
-
-
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်နှုန်းများနေပြီး ဇွန်လဆန်းကနေ အခု ဇူလိုင် လဆန်းထိ တစ်လကျော်အတွင်း သေဆုံးသူ ၅၀၀ နီးပါးရှိနေပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။
ဇွန်လအတွင်း သေဆုံးသူတွေထဲမှာ ချင်းတိုင်းရင်းသားတွေက ၂၇၀ လောက်ရှိပြီး မြန်မာ တိုင်းရင်းသားတွေက ၁၀၀ ကျော်ရှိသလို၊ အခု ဇူလိုင်လမှာ ၅ ရက်အတွင်း သေဆုံးသူ ၁၃၆ ယောက်ရှိတယ်လို့ ကလေးမြို့ ပရဟိတ အသင်းတွေရဲ့ ဆောင်ရွက်ချက်တွေကို ကိုးကားပြီး ကလေးမြို့သားတစ်ယောက်က ပြောပါတယ်။
ကျေးလက်တွေကနေ မြို့ပေါ်သုဿာန်မှာ လာပြီးသင်္ဂြိုဟ်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့အထိ လူပေါင်း ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်း တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးကလည်း ပြောပါတယ်။
သေဆုံးသူတွေ အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ အတည်ပြုထားတာ မရှိပေမယ့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေဖြစ်တဲ့ အပြင်းဖျားတာ၊ အသက်ရှူကျပ်တာတွေ ခံစားရတဲ့အပြင် ကျန်ရစ်တဲ့ မိသားစုဝင်တွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြောင့် သေဆုံးသူတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ ယူဆထားတယ်လို့ အကူအညီပေးနေတဲ့ မြို့ခံလူမှုအဖွဲ့အစည်း တချို့က ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိ ကလေးသုဿာန်ကို ရောက်လာတဲ့ ရုပ်အလောင်း ၁၄ လောင်းရှိပြီး မီးသင်္ဂြိုဟ် စက်တစ်လုံးတည်းနဲ့ မနိုင်မနင်းဖြစ်နေတယ်လို့ သင်္ဂြိုဟ်ပေးနေတဲ့ ကလေးမြို့ခံ ကိုကျော်ဌေးက ပြောပါတယ်။
“ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဒီမှာရောက်နေတဲ့ အလောင်းက ဆယ်ယောက်ကျော်လောက် ရှိနေတယ် ဆိုတော့ သင်္ဂြိုဟ်စက်က တစ်လုံးတည်းနဲ့ အဆင်မပြေတာဗျ။ အခုဆိုလို့ရှိရင် ခြောက်ယောက် သင်္ဂြိုဟ် နေတယ်။ ရှစ်ယောက်ကျန်သေးတယ်။ သေဆုံးသူတွေက များလာတယ်။ အခုဆိုလို့ရှိရင် ရောက်လာတာ ၁၄ ယောက်တောင် ရှိသွားပြီဗျ။ ဒီနေ့ မနက်ကနေ အခု နေ့လယ်အထိ ပေါ့နော်။ ညနေမှာလာမယ့် ဟာတွေလည်း ရှိသေးတယ်။ အပြင်မှာဆုံးတာရော၊ ဆေးရုံမှာဆုံးတာရော၊ ကျေးရွာတွေမှာ ဆုံးတာရော အကုန်လုံးက ကျွန်တော့ဆီမှာ လာစုနေတာဗျ။ ပိုးတွေ့လူနာ မှန်လို့ရှိရင်ပေါ့”
ဒီနေ့ ရောက်ရှိနေတဲ့ ရုပ်အလောင်း ၁၄ ခုဟာ ဗုဒ္ဓဘာသာသုဿာန်ကို ရောက်ရှိလာတာ ဖြစ်ပြီး အခြား ခရစ်ယာန်သုဿာန်ကို ရောက်ရှိတာလည်း ရုပ်အလောင်း ၁၀ ကျော်လောက် ရှိတယ်လို့ပြောပါတယ်။ မီးသင်္ဂြိုဟ်စက် တစ်လုံးတည်းနဲ့ မနိုင်မနင်း ဖြစ်နေတာကြောင့် တချို့ဆိုရင် မြေမြှုပ်ရတာတွေ လည်းရှိတယ်လို့ ကိုကျော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးပတ် လောက်ကနေစလို့ လူသေဆုံးမှုဟာ တစ်နေ့ကို လူ ၂၀ နဲ့ ၃၀ ကြားမှာရှိနေပြီး ဒီနေ့အထိ သေဆုံးနှုန်း မလျော့သေးဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ဟာ အခုအချိန်မှာ တားမနိုင်ဆီးမရတဲ့ အနေအထားကို ရောက်နေပြီလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ မြို့ခံလူကြီးတစ်ဦးက ပြောပါတယ်။
“ကလေးမြို့မှာက သေတာကပုံမှန် ၂၀၊ ၃၀ လောက်ရှိတယ်။ မနေ့ကလည်း အသေနှုန်းများတယ်။ ဒီနေ့လည်း အသေနှုန်းများတယ်။ အမှန်အတိုင်းပြောရရင် တော်တော်လေးကို အခြေအနေမကောင်းဘူး။ တားမနိုင်ဆီးမရ ဖြစ်နေတာ ဘာမှကို ကာကွယ်လို့မရတော့ဘူး။ ကိုဗစ်စင်တာတွေမှာလည်း ကျန်းမာရေး ဝန်ထမ်း၊ စေတနာ့ဝန် ထမ်း၊ ပရဟိတသမားတွေကလည်း မရှိဘူး။ ပို့ဆိုရင် ပို့လိုက်တယ်။ အောက်ဆီဂျင် ကလည်း မလုံလောက်တော့ ကိုယ့်ဟာကိုယ်ပဲ ရှာရတာ။ ဆေးထိုးတယ် ဆိုတာကလည်း ပုံမှန်ပါပဲ။ အဲဒါနဲ့ လူတွေက ကိုယ့်ဟာကိုယ် အပြင်မှာပဲ ဆေးမြီးတိုတွေ သောက်ရင်းနဲ့ နေကြရတာ”
ကလေးမြို့မှာ အောက်ဆီဂျင်လိုအပ်မှု ပြဿနာကြီးမားနေပြီး အောက်ဆီဂျင်မရလို့ အသက်ဆုံးရှုံးရတာတွေ အခုရက်ပိုင်းတွေအတွင်း ပိုတွေ့လာရတယ်လို့ ပြောပါတယ်။ အရင်က ရန်ကုန်နဲ့ မန္တလေးမြို့တွေက မှာယူလို့ ရခဲ့ပေမယ့် အခုအချိန်မှာတော့ မှာလို့ မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူကဆိုပါတယ်။
ဒါကြောင့် အောက်ဆီဂျင်ဟာ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်လောက်က ၁၅ လီတာဆန့် တစ်ဘူးကို ကျပ်ငွေ တစ်သိန်းသုံးသောင်းလောက် ရှိခဲ့ရာကနေ အခုအချိန်မှာ တစ်သိန်း ရှစ်သောင်းလောက်အထိ တစ်ဘူးကို ငါးသောင်းလောက် ဈေးတက်နေပြီး ၄၀ လီတာဆန့် ဘူးကြီးတစ်လုံးဟာလည်း နှစ်သိန်းခွဲကနေ သုံးသိန်းခွဲအထိ ဈေးပေါက်နေတယ်လို့ ပြောပါတယ်။
"အမှန်အတိုင်းပြောရရင် တော်တော်လေးကို အခြေအနေမကောင်းဘူး။ တားမနိုင်ဆီးမရ ဖြစ်နေတာ ဘာမှကို ကာကွယ်လို့မရတော့ဘူး။"
အောက်ဆီဂျင်လိုအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ တစ်နေ့ကို ၄၀ လီတာဆန့် အောက်ဆီဂျင်ဘူး ၇၀ ဝန်းကျင်လောက်ထုတ်နိုင်မယ့် စက်တစ်လုံးကိုတပ်ဆင်နေပြီး အခု ရက်သတ္တပတ်အတွင်း လည်ပတ်နိုင်ဖို့ မြို့ခံတွေက ခန့်မှန်းထားကြပါတယ်။
ဒါပေမဲ့ ရောဂါလက္ခဏာ ပြင်းထန်သူတစ်ဦးက တစ်နေ့ကို ၄၀ လီတာဆန့် အောက်ဆီဂျင်ဘူး ခြောက်လုံး ကနေ ၁၂ လုံးအထိ အသုံးပြုရသလို ကလေးမြို့မှာ တစ်နေ့ကို ၄၀ လီတာဆန့် အောက်ဆီဂျင်ဘူးပေါင်း တစ်ထောင်ဝန်းကျင်လောက် လိုအပ်တာကြောင့် အခုတပ်ဆင်နေတဲ့ အောက်ဆီဂျင်စက်ဟာ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးလို့လည်း အကူအညီပေးနေတဲ့ မြို့ခံတွေက ပြောပါတယ်။
နေအိမ်တွေမှာ ဆိုရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေကြရတဲ့ လူနာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက အောက်ဆီဂျင်ဘူးရဖို့ ခဲရာခဲဆစ် ကြိုးပမ်းနေရတာကြောင့် အောက်ဆီဂျင်ဟာ ရွှေထက်ရှားတဲ့ ပစ္စည်းတစ်ခု ဖြစ်လာနေတယ်လို့ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“အောက်ဆီဂျင်က အခက်ခဲဆုံးပဲ ရွှေထက်ကိုရှားတယ် ဒီမှာက။ ကျွန်တော်တို့ မနက်မိုးလင်းတာနဲ့ လူနာရှင်တွေက ဆိုင်တိုင်းမှာရော၊ ပရဟိတအသင်းတွေက ဖြန့်တဲ့ အောက်ဆီဂျင်ဘူးတွေ ရလိုရငြား ဆိုပြီးတော့ လှည့်ပတ်ရှာရတယ်။ မနက် မိုးလင်းတည်းကနေ လူနာရှင်အိမ်တွေမှာ တစ်ယောက် ထွက်ပြီးတော့ အောက်ဆီဂျင်ရှာဖို့ တာဝန်ယူရတယ်။ တစ်မြို့လုံး လှည့်ပတ်ရှာနေရတာ။ အဲဒါကတော့ အရင်ကတည်းက ဒီနေ့အထိပါပဲ”
ကလေးမြို့မှာ သေဆုံးမှု မြင့်တက်နေတာဟာ မျိုးကွဲဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ပေမယ့် မျက်မြင်တွေ့နေရတာကတော့ အောက်ဆီဂျင်ရှာမရတဲ့ ပြဿနာကြောင့် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း မရှိတဲ့ပြဿနာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို လူသေဆုံးမှု မြင့်တက်နေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာက ဘယ်လိုကိုင်တွယ်ဖြေရှင်း နေသလဲ ဆိုတာ၊ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာန ဒုတိယဦးစီးမှူး ဒေါက်တာဝင်းချိုချိုအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
“ပြောပြခွင့်မရှိဘူးရှင့်။ ကျွန်မက ခရိုင်ဦးစီးမှူး မဟုတ်ဘူးရှင့်။ ဒုခရိုင်မှူးပါ။ ခရိုင်ဦးစီးမှူးက အခု ဆေးရုံမှာ ရှိနေတယ်။ ကျွန်မကတော့ ပြောခွင့်မရှိဘူးရှင့်။ ခရိုင်ဦးစီးမှူးကလည်း အခု နေမကောင်းလို့ အနားယူနေပါတယ်ရှင့်။ ဆက်သွယ်လို့လည်းမရနိုင်ဘူးရှင့်”
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ နယ်မြေဆက်စပ်နေတဲ့ ချင်းပြည်နယ်မှာတော့ ဇူလိုင်လ ၅ ရက် မနေ့က တွန်းဇံနဲ့ ဖလမ်းမြို့တို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ဦးစီ သေဆုံးခဲ့ပြီး တစ်လကျော်အတွင်း သေဆုံးသူ ၅၇ ဦး အထိရှိနေပြီလို့ အဲဒီမြို့တွေက ပရဟိတအဖွဲ့တွေက ပြောပါတယ်။
မနေ့က သေဆုံးခဲ့သူနှစ်ဦးဟာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်ပြီး ရောဂါအခံရှိကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွန်းဇံမြို့နယ်မှာ တစ်လကျော်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့တဲ့သူ ၆၁၃ ဦးရှိပြီး သေဆုံးသူ ၂၁ ဦးအထိရှိ လာပြီဖြစ်ပါတယ်။
ဖလမ်းမြို့မှာလည်း တစ်လကျော်အတွင်း ဇူလိုင် ၅ ရက် မနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၅၉ ဦး ရှိပြီး သေဆုံးသူ ၃၆ ဦး ရှိနေပါတယ်။
တတိယလှိုင်းအဖြစ် တစ်ကျော့ပြန်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေ တစ်ဆင့် ကူးစက်လာတာဖြစ်ပြီး မေလဆန်းပိုင်းက စပြီးတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ်ကနေ ပိုးစတင် ဖြစ်ပွား ခဲ့ရာကနေ ကျန်မြို့နယ်တွေနဲ့ ကျေးရွာတွေဆီ ကူးစက်ပျံ့နှံ့လာတာလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇူလိုင်လ ၅ ရက် မနေ့ကအထိ တစ်နှစ်ကျော်အတွင်း ပိုးကူးစက်သူ တစ်သိန်းခြောက်သောင်းကျော် ရှိပြီး သေဆုံးသူ သုံးထောင့်လေးရာကျော် ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။