ကချင်ဒုက္ခသည်များ KIO ကူညီ
2011.07.05

RFA
ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့က စတင်ခဲ့တဲ့ အစိုးရနဲ့ KIO စစ်ပွဲများကြောင့် ဘန်းမောက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၆၀လောက်က ဒုက္ခသည်တွေဟာ အိုးအိမ်တွေ စွန့်ခွာပြီးထွက်ပြေးလျက်ရှိရာမှာ KIO က ကောက်ယူတဲ့ စာရင်းတွေအရ ပြည်တွင်း တိမ်းရှောင်နေသူ ဒုက္ခသည်ပေါင်း ၁၇၀၀၀ ရှိတယ်လို့ KIO အဖွဲ့က ပြောပါတယ်။
လက်ရှိ KIO ဌာနချုပ် လိုင်ဇာကို ရောက်ရှိလာတဲ့ ဒုက္ခသည် တွေကို KIO အဖွဲ့က နေ့စဉ် ဆန်မပါ ကျပ်သိန်း၂၀ ဖိုး ထောက်ပံ့ လျက်ရှိပြီး ပြန်လည် နေရာချထားရေး အစီအစဉ်တွေ ဆောင်ရွက်လျက်ရှိပါတယ်။ KIO အဖွဲ့ တွဲဘက် အတွင်းရေးမှူး ဦးလနန်းက ခုလိုပြောပါတယ်။
"အခုဒီမှာပဲ Hall ထဲမှာ စုထားတာမျိုး မဟုတ်ဘဲနဲ့ ရွာတော့မဟုတ်ပါဘူးနော် ယာယီနေထိုင်ဖို့အတွက် နေရာတော့ ချထားပေးတယ်။ လုံခြုံစိတ်ချရတဲ့ ကာလတခုရောက်တဲ့အထိပေါ့ သူတို့အဲဒီမှာ နေပြီးတော့ တဲတွေဘာတွေဆောက်ပြီးတော့ လုပ်ပေးဖို့။ ဒေသအားလုံး တည်ငြိမ်သွားရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ချင်ကြတဲ့ သူတွေပဲလေ။ အဲဒီတော့ အဲဒီအတွက်တော့ သိပ်ပြီး စိုးရိမ်စရာ မရှိဘူးပေါ့။ အခြေအနေကောင်းလာရင်တော့ သူတို့က ပြန်သွားမှာပါ။ ဒါပေမယ့် အခုဟာက အခြေအနေက ဘယ်လိုမှန်းမသိဘူး ဖြစ်နေတယ်။ အဲဒီအခါကျတော့ လောလောဆယ်တော့ မပြန်ရဲကြဘူး" လိုင်ဇာမြို့ပတ်ဝန်းကျင်မှာ ဒုက္ခသည် ၆၀၀၀ ရှိပါတယ်။ KIA တပ်မဟာ၃ က ဒုက္ခသည် ၆၀၀၀ကို အကူအညီပေးလျက်ရှိပြီး၊ ကျန်ဒုက္ခသည် ၅၀၀၀ခန့်ဟာ တရုပ်မြန်မာနယ်စပ်တလျှောက် ရှိနေတယ်လို့ ဦးလနန်းကပြောပါတယ်။လတ်တလော တရုပ်ပြည်ရှိ ကချင်အသိုင်းအဝိုင်းကလည်း တဦးချင်းရောအဖွဲ့လိုက်ပါ ဒုက္ခသည်တွေ အတွက် လှူဒါန်းလျက်ရှိပြီး KIO အဖွဲ့ အနေနဲ့ ရေရှည်အတွက် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဆက်သွယ်ပြီး ဆွေးနွေးနေတယ်လို့ သိရပါတယ်။