ဝိုင်းမော်ဘက်ကနေ တရုတ်ထွက်ကုန်တွေကို စစ်မည်
2017.04.27

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စိုက်ပျိုးရေးနဲ့ သတ္တုထုတ်ကုန်တွေ တရုတ်ပြည်ဘက် သယ်ယူရာမှာ အသုံးပြုနေကြတဲ့ ယာဉ်အဝင်အထွက် စာရင်းတွေကို ဥပဒေနဲ့အညီစိစစ်ဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်နေ ပါတယ်။
တရုတ်ပြည်ဘက် ကုန်စည်ပို့ဆောင်နေတဲ့ ကုမ္ပဏီတချို့ဟာ စည်းကမ်းနဲ့မညီတဲ့အတွက် စိစစ်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ကချင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က RFA ကို ပြောပါတယ်။
"တဘက်နိုင်ငံက ကားဝင်လာမယ်ဆိုရင်တော့ အစိုးရအဖွဲ့ဆီမှာတော့ တင်ပြတောင်းခံပေါ့နော်၊ စည်းကမ်းချက်အပေါ်မှာ တချို့လုပ်ငန်း ဒီကုမ္ပဏီလုပ်ငန်းရှင်တွေကနေ အပြည့်အဝ လေးစားလိုက်နာမှု မရှိဘဲနဲ့ လျော့ရဲပြီးတော့မှ တချို့ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေရှိတဲ့အခါမှာ ကျနော်တို့ ပြန်ပြီးတော့မှ စည်းကမ်းချက်နဲ့အညီ ယာဉ်ဝင်ထွက်ပြီးတော့မှ သယ်ယူပြီးတော့မှ ထွက်ခွာဖို့အတွက် ကျနော်တို့ ဒါဆက်လက်ပြီးတော့မှ တင်းတင်းကြပ်ကြပ်နဲ့ စည်းကမ်းချက်နဲ့ပြန်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်"
ဝိုင်းမော်မြို့နယ်အတွင်းမှာ တစ်ရှူး ငှက်ပြောစိုက်ပျိုးရေးနဲ့ သံသတ္တုရိုင်းတူးဖော်နေကြတဲ့ ကုမ္ပဏီတွေဟာ ထွက်ရှိလာတဲ့ တစ်ရှူးငှက်ပျောသီးတွေနဲ့ သံသတ္တုတွေကို တရုတ်နိုင်ငံက ကုန်ကားကြီးတွေနဲ့ တရုတ်ပြည်ဘက် သယ်ယူနေကြတာဖြစ်ပါတယ်။
အဲဒီလိုသယ်ယူပို့ဆောင်ရာမှာ သတ်မှတ်ကုန်စည်မဟုတ်တဲ့ တရားမဝင်ကုန်စည်တွေ သယ်ယူပို့ဆောင်မှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေထွက်ပေါ်နေတာကြောင့် စိစစ်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်နယ်အစိုးရထံ ယာဉ်နံပါတ်နဲ့ ယာဉ်မောင်းအမည်ဖော်ပြပြီး လျှောက်ထားလို့ ခွင့်ပြုချက်ရရင် သီတင်းနှစ်ပတ် အတွင်းမှာ သတ်မှတ်ချက်နဲ့အညီ သယ်ဆောင်ရတာဖြစ်ပြီး ကုမ္ပဏီတစ်ခုကို အများဆုံး ကုန်ကားအစီးတစ်ရာ ခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားနဲ့ ဗန်မော်ခရိုင်းအတွင်းက တစ်ရှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေးနဲ့ သံသတ္တုတွေကို ကန်ပိုင်တီနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုကနေ အဓိက ပို့ဆောင်နေတာဖြစ်ပါတယ်။