ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု ခြောက်နှစ်ပြည့်ပေမယ့် တရားခံမပေါ်သေး

အဲလိဇဘက်ဂျန်မာ
2021.01.19
ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု ခြောက်နှစ်ပြည့်ပေမယ့် တရားခံမပေါ်သေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ခြောက်နှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်း အခမ်းအနား
Photo - KBC

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ခြောက်နှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်း အခမ်းအနားကို ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အမှုမှန် မပေါ်ပေါက်သေးတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာနဲ့ အနီးနားမှာရှိနေခဲ့တဲ့ တပ်မတော်မှာ တာဝန်ရှိတာကြောင့် တပ်မတော်အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေးတာဝန်ယူ ဆောင်ရွက်ပေးဖို့ ကချင်အမျိုးသမီး (၂၈) ဖွဲ့ပူးပေါင်းပြီး ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အလားတူ လက်ရှိအစိုးရအနေနဲ့ အမှုမှန် ပေါ်ပေါက်ရေး တာဝန်ယူဆောင်ရွက်ပေးဖို့ ၊ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူပေးဖို့ နဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့လည်း အမှုမှန်ပေါ်ပေါက်ရေး တပ်မတော်နဲ့ အစိုးရကို တွန်းအားပေးကြဖို့လည်း အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက်(၂၁) နှစ်အရွယ် စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးဖြစ်တဲ့ မရန်လုရာနဲ့ မခေါ်န်နန်စင်တို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၁၉) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ ကောင်းခါးကျေးရွာမှာ မူလတန်းပြဆရာမတွေအဖြစ် တာဝန်ထမ်းဆောင်နေရင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)က ကော်မတီ ဖွဲ့စည်းပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားခဲ့ပေမယ့် အချိန် ခြောက်နှစ်ကြာလာတဲ့ အခုချိန်ထိ အမှုမှန်ပေါ်ပေါက်တာ မရှိသေးပါဘူး။

သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာမ ခေါ်န်နန်စင်ရဲ့ မိခင်ဖြစ်သူကတော့ အချိန်ဘယ်လောက်ပဲကြာကြာ အမှုမှန်ပေါ်ပေါက်ရေးအတွက် အခုအချိန်ထိ မျှော်လင့်နေတုန်းလို့ RFA ကိုပြောပါတယ်။

ကချင်ဆရာမ နှစ်ဦးအသတ်ခံခဲ့ရတဲ့နေ့က ခမရ ၅၀၃ တပ်မတော်စစ်ကြောင်းဟာ အခင်းဖြစ်တဲ့ ကောင်းခါးကျေးရွာနားမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်သား (၂၈) ယောက်ရဲ့ မျိုးရိုးဗီဇနဲ့ ဆံပင်နမူနာတွေ ရယူစစ်ဆေးခဲ့ကြောင်း အဲ့ဒီအချိန်တုန်းက ထုတ်ပြန်ပြောဆိုပြီးနောက် အမှုနောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။

ဒီဆရာမ နှစ်ဦးကို တပ်မတော်သားတွေ အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့တာမရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေနဲ့ (၂၀၁၈) ခုနှစ်က တွေ့ဆုံချိန်မှာ ပြောထားခဲ့ဖူးပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေကို စစ်ဆေးမေးမြန်းထားတဲ့ နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းရာမှာတော့ အဲ့ဒီကာလက အခင်းဖြစ်နေရာမှာရှိနေတဲ့ အရာရှိ၊ တပ်မတော်သားတွေ အားလုံးကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး သူတို့ ကျူးလွန်တာမတွေ့ရကြောင်း တကယ်ကျူးလွန်တဲ့ ရွာသားနှစ်ဦးက KIA ဘက်ကို ထွက်ပြေးသွားကြောင်း၊ KIA ကို အဲ့ဒီရွာသားနှစ်ဦးကို ထုတ်ပေးဖို့ တောင်းဆိုထားပေမယ့် အခုအချိန်ထိ ထုတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဘက်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။