ကချင်ပြည်နယ်နေ့ မနောပွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်


2015.01.05
manau-305.jpg ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ဇန်နဝါရီလ ၅ ရက်နေ့ကပြုလုပ်စဉ်
Photo: Kyaw Myo Min/RFA

၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက် ပါတယ်။

ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရစေလိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီနှစ် မနောပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့  မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က RFA ကိုပြောပါတယ်။

"ဒီကချင်ပြည်နယ်နေ့မှာ မနောပွဲ ပြန်ပြီးထည့်ပေးရ တာ ကျနော်တို့ပြည်နယ်ထဲ ပြန်ပြီးငြိမ်းချမ်းလာပါစေ၊ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရများနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေဟာ ဆွေးနွေးတဲ့အခါ အမှန် တကယ်ပဲ နားလည်မှုရှိပြီး ကျနော်တို့ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲကို ကောင်းမွန်တဲ့စစ်မှန်တဲ့ ပြည်ထောင် စုကြီးကို တည်ဆောက်နိုင်ကြပါစေ၊ ဆွေးနွေးနိုင်ကြ ပါစေလို့ ကျနော်တို့ ပြည်သူတစ်ရပ်လုံးလည်း ဘုရားသခင်ဆီက တောင်းခံတဲ့အနေနဲ့လည်း ပြုလုပ်ခြင်းဖြစ် ပါတယ်"

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် မနောပွဲကို ၃ နှစ်ကြာ မကျင်းပနိုင်ခဲ့ဘဲ ဒီနှစ်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတာပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ဒီနှစ်မနောပွဲကိုမကျင်းပဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက လက်မှတ်တွေ စုဆောင်းပြီး ကချင်ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြပါတယ်။

မနောပွဲကို တက်ရောက်ဖို့အတွက် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားသံတမန်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဗဟိုကော်မတီကိုလည်း တရားဝင်ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။

ပွဲတော်ကာလအတွင်းမှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲတွေ၊ ဂီတဖျော်ဖြေပွဲ၊ အားကစားပြိုင်ပွဲတွေ နဲ့အတူ ကုန်စည်ပြပွဲတွေကိုလည်း ထည့်သွင်းထားပါတယ်။

မနောပွဲတော်ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တဲ့  ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။