ဒုက္ခသည်တွေကို သွားခေါ်သူတွေ တားမြစ်ခံရ
2018.05.04

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်လွယ်ရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်ကြတဲ့အဖွဲ့တွေ ကို မြောက်ပိုင်းတိုင်းမှူးရဲ့ အမိန့်အရဆိုပြီး ဒုက္ခသည်တွေကို ခေါ်ဆောင်ခွင့်မပြုတဲ့အတွက် ဒီနေ့ညနေပိုင်း ကာမိုင်းမြို့အရောက်မှာ ပြန်လည်ညှိနှိုင်းနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
မနေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်က သွားရောက်ကယ်ဆယ်ခွင့်ပြုပေး လိုက်ပေမယ့် အခုလို တပ်မတော်ဘက်က ကန့်သတ်တာတွေရှိလာတဲ့အတွက် ပြန်လည်ညှိနှိုင်းနေတယ် လို့ မြစ်ကြီးနားမြို့ KBC အသင်းတာဝန်ခံ ဆရာခါးလီက ပြောပါတယ်။
‘’အဲဒီမှာရောက်တော့ တိုင်းမှူးကနေပြီးတော့ ညွှန်ကြားတယ်တဲ့ သွားကူညီဖို့ဟုတ်တယ်၊ သွားခေါ်ဖို့ မဟုတ်ဘူးဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်ခင်ဗျ၊ သွားကူညီလို့ရတယ်၊ အထဲကိုဝင်လို့ ရတယ် ဒါပေမဲ့ သွားခေါ်လို့မရဘူးဆိုတဲ့အပိုင်းမှာ ညှိနှိုင်းဖို့ လိုနေပါတယ်ခင်ဗျ၊ တိုင်းမှူးကနေပြီး ဒကစမှူး၊ ဒုစကခမှူးကို ညွှန်ကြားလာတယ်လို့ ပြောလာပါတယ်ခင်ဗျ"
ဒီကနေ့ ဖားကန့်မြို့နယ်ထဲက မန်လွယ်ဆိုတဲ့ရွာမှာ ပိတ်မိနေတဲ့ ပြည်သူတစ်ရာကျော်လောက်ကို ကာမိုင်းမြို့မှာ နေရာချထားပေးဖို့အတွက် ပိတ်မိပြည်သူတွေ လွတ်မြောက်ရေးကော်မတီအဖွဲ့၊ PCG နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက တစ်ဖွဲ့ကို ၂ ယောက်စီနဲ့ လိုက်ပါသွားကြတာဖြစ်ပါတယ်။
အဲဒီမန်လွယ်ရွာဘက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲတွေကြောင့် တောထဲထွက်ပြေးခဲ့ရပြီး သူတို့ကိုတပ်မတော်က မန်လွယ်ရွာမှာ ပြန်လည်နေထိုင်ခွင့်ပြုထားပေမယ့် ဘယ်ကိုမှသွားလို့မရဖြစ်နေကြတာပါ။
လက်ရှိမန်လွယ်ရွာမှာ နေထိုင်ကြရပေမယ့်လည်း တိုက်ပွဲတွေကြားထဲမှာ မလုံခြုံတဲ့အတွက် ဒေသခံတွေဟာ ကာမိုင်းမြို့ကို သွားရောက်ခိုလှုံချင်ကြတာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။