ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့ တပ်မတော်ကို တောင်းဆိုမည်
2018.05.05

တိုက်ပွဲကြားပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ ကြိုးစားသူတွေကို အစိုးရက တားမြစ်တာမဟုတ်ဘဲ တပ်မတော်က တားမြစ်တာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ လွတ်မြောက်ရေးအတွက် တပ်မတော်ကို တောင်းဆိုသွားမယ်လို့ ပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုရာမှာပါဝင်တဲ့ ကချင်လူငယ်တွေက ဒီနေ့ ပြောပါတယ်။
တိုက်ပွဲကြား ပိတ်မိပြည်သူတွေကို ကယ်တင်ဖို့သွားခဲ့တဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့တွေ မနေ့က တားမြစ်ခံရပြီး ဒီကနေ့ မြစ်ကြီးနားမြို့ကို ရောက်ရှိအပြီးမှာ ကချင်လူငယ်တွေက အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ကချင်လူငယ် မဆွတ်ဆိုင်းထွယ်ကို သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အခုလို ပြောပါတယ်။
"ကျမတို့ လူငယ်တွေကကျတော့ ပထမဦးဆုံး ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အရမ်းယုံကြည်လို့ တောင်းဆိုခဲ့တာ ပေါ့နော်။ တောင်းဆိုတဲ့အတိုင်း သူလည်း သွားကယ်ထုတ်နိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်ရဲ့ ခွင့်ပြုချက်ရပြီးမှ သွားကယ်တာတောင်မှ လမ်းမှာ စစ်တပ်ဘက်ကနေ ဒီလိုမျိုး တားဆီးတာတွေ ရှိလာခဲ့တယ်ဆိုတော့ အမတို့အနေနဲ့ တောင်းဆိုတဲ့ ပုဂ္ဂိုလ် ပြောင်းရလိမ့်မယ် ဆိုတဲ့ဟာကို အမတို့လူငယ်တွေ သိလိုက်ရတယ်ပေါ့နော်။ အဲ့ခါကျတော့ အမတို့တောင်းဆိုတဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ဆိုတဲ့ဟာက မပြောင်းလဲဘူး။ ဒါပေမဲ့ အခု အမတို့က တားတဲ့သူ ဘယ်သူလဲ၊ တားတဲ့သူက တပ်ပိုင်းဆိုင်ရာက ဆိုလို့ရှိရင် အမတို့ကကျတော့ တပ်ပိုင်းဆိုင်ရာက တိုင်းမှူးကို တောင်းမလား၊ ဘယ်သူ့ကို တောင်းဆိုမလဲဆိုတဲ့ဟာကို အမတို့ တောင်းဆိုမယ့် ပုဂ္ဂိုလ်ပေါ့နော် ချိန်းဖို့ အမတို့ သဘောတူထားပါတယ်ရှင့်"
ဖားကန့်မြို့နယ် မန်လွယ်ရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်ကြတဲ့အဖွဲ့တွေဟာ မနေ့ညနေပိုင်းက ကာမိုင်းမြို့အရောက်မှာ တားမြစ်ခံရတာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်က သွားရောက်ကယ်ဆယ်ခွင့်ပြုပေးလိုက်ပေမယ့် မြောက်ပိုင်းတိုင်းမှူးရဲ့ အမိန့်အရဆိုပြီး ဒုက္ခသည်တွေကို ခေါ်ဆောင်ခွင့်မပြုတာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ဦးဆောင်သူတွေက ပြောပါတယ်။
မန်လွယ်ဆိုတဲ့ရွာမှာ ပိတ်မိနေတဲ့ ပြည်သူ တစ်ရာကျော်လောက်ရှိပြီး သူတို့ကို ကာမိုင်းမြို့မှာ နေရာချထားပေး ဖို့အတွက် ပိတ်မိပြည်သူတွေ လွတ်မြောက်ရေးကော်မတီအဖွဲ့၊ PCG နဲ့ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေက တစ်ဖွဲ့ကို ၂ ယောက်စီနဲ့ မနေ့က သွားကြတာဖြစ်ပါတယ်။
ဆန္ဒပြတောင်းဆိုနေကြတဲ့ လူငယ်တွေဟာ သိပိတ်စခန်းကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ယာယီဖွင့်လှစ်ထား ပါတယ်။