ကချင်မှာ စစ်ဘေးဒုက္ခသည် ၁၅၀၀ ကျော် ထပ်တိုး

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.05.27
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက ဆီဟက်၊ ကုန်းလော့၊ မြို့သစ်၊ မင်းကြမ်း၊ နွယ်လန်းစတဲ့ နေရာ တွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့  ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က စတင်ပြီး ဒီနေ့အထိ တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မိုးမောက်မြို့နယ်တွင်းက စစ်ရေးဗျူဟာကျတဲ့ စစ်ကောင်စီတပ်ရဲ့ တာဝါတိုင်ကုန်းကို ဧပြီလ ၁၂ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်ပြီး အချိန် ၁၄ ရက်ခန့်အကြာ ဧပြီ ၂၆ ရက် နေ့မှာ ပြန်လည် သိမ်းယူခဲ့ပါတယ်။
 
အဲဒီ တာဝါတိုင်ကုန်းနဲ့ ပတ်သက်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ပြီးခဲတဲ့ မေလ ၂၁ ရက်နေ့ ကစလို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေရာကနေ အခု ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီတိုက်ပွဲတွေကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ရှစ်ရွာလောက်က ဒေသခံ ၁၅၀၀ ကျော်လောက်ဟာ တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့ အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ အကူအညီ ပေးနေ သူတွေက ပြောပါတယ်။
 
ဒုက္ခသည်အရေး အကူအညီပေးနေတဲ့ မန်နောင်ကျေးရွာသား တစ်ဦးက သူတို့ရွာကို ထွက်ပြေးတိမ်းရှောင် လာကြသူတွေဟာ ဒီနေ့အထိ ၅၀၀ ကျော်လောက် ရှိတယ်လို့ ပြောပါတယ်။
 
“အခု စစ်ရှောင် အများစုက ဆီဟက်၊ ကုန်းလော့ရယ်၊ မြို့သစ်ရယ်ဘက်က မန်နောင်မှာရောက်နေတာ ၅၀၀ကျော်မယ်၊ ဘုန်းကြီးကျောင်းမှာ။ ဘုန်းကြီးကျောင်း ငါးကျောင်းရှိတယ်။ ငါးကျောင်းစလုံးမှာတော့ အဲ သုံးရွာကတော့ တော်တော်များတယ်။ ၅၀၀ကျော်မယ်လေ ဆီဟက်၊ ကုန်းလော့၊ မြို့သစ်က။ အခုတော့ သူတို့ ကျန်းမာရေးပိုင်းက ဖျားတာ နာတာတော့ နည်းနည်းပါးပါး အဲလိုတော့ ရှိတယ်ဗျ”
 
ကျန်တဲ့လူ ၁၀၀၀ ဝန်းကျင်လောက်ကတော့ ခုံဆင့်၊ နှင်းအီ၊ ချောင်းဝ၊ နောင်ပေါ်၊ ကမ္ပနီ စတဲ့ကျေးရွာတွေကို ထွက်ပြေး ရောက်ရှိနေကြတယ်လို့လည်း အကူအညီ ပေးနေသူတွေက ပြောပါတယ်။
တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား ဒီနေ့အထိ ရက်ပေါင်း ၁၁၀ အတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်အထိ ရှိခဲ့တဲ့အထဲမှာ မိုးမောက်မြို့နယ် တစ်ခုတည်းမှာ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ကချင်စစ်ရေး လေ့လာသူတွေက ဆိုပါတယ်။
 
ဒီတိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၁၂၀၀၀ ခန့် ရှိခဲ့ရာကနေ အခု ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် ၁၅၀၀ လောက် ထပ်တိုးလာတာ ဖြစ်ပါတယ်။
 
moe-mauk.jpg
(မိုးမောက် စစ်ဘေးဒုက္ခသည်များကို တွေ့ရစဉ်) Photo : Nmawk Buga Hkalup Hpung
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ကုန်းလော့နဲ့ ဆီဟက်ကျေးရွာထဲကို လက်နက်ကြီး ဆယ်ကြိမ်လောက် ကျရောက် ပေါက်ကွဲခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
 
အဲဒီနေ့မှပဲ ဆီဟက်ကျေးရွာထဲကို စစ်ကောင်စီရဲ့ စစ်သားတွေက ဝင်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ရွာခံအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေနတ်မှန် ဒဏ်ရာရခဲ့ပြီး ဗန်းမော်နဲ့ မန္တလေး ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေရပါတယ်။
 
နှစ်ဖက်တိုက်ပွဲတွေကြောင့် ကုန်းလော့ရွာထဲကိုလည်း အမြောက်ကြီးတွေ ကျရောက် ပေါက်ကွဲလို့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့လောက်ကနေ စပြီး ကျေးရွာသားတွေ အားလုံး မန်နောင်ရွာကို ထွက်ပြေးလာကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်းလော့ ကျေးရွာသား ရှမ်းအဘိုးအိုတစ်ဦးက ပြောပါတယ်။
 
“ရွာမှာက ထွက်ပြေးလာခဲ့ကြတာ။ ကိုယ့်အိမ်ကိုယ့် ဟိုနင်းပေါ့၊ အသက်နဲ့လုပြီးမှ ထွက်ပြေးလာခဲ့ ကြတာပါ။ မိတကွဲ၊ ဖတကွဲ အဲလိုမျိုး လက်နက်ကြီးတွေ၊ လေယာဉ်တွေက ရွာထဲမှာပဲ ကျနေဆိုတော့ ကျွန်တော်လည်း ဆီဆန်တစ်ပုံစာလည်း မယူနိုင်ခဲ့ပါဘူး။ စောင်တစ်ထည်နဲ့ နှစ်ထည်နဲ့ပါလာခဲ့ပြီးမှ ဒါပဲရှိတော့တယ်”
 
ကုန်းလော့ရွာမှာ ကျေးရွာသားတွေအားလုံး ထွက်ပြေးတိမ်းရှောင် နေကြရလို့ လက်နက်ကြီးကြောင့် လူအထိ အခိုက်မရှိဘူးလို့ ဆိုပါတယ်။
 
လက်နက်ကြီးကြောင့် နေအိမ်တွေ ပျက်စီးတာတွေရှိပေမယ့် အရေအတွက် အသေးစိတ်ကို မသိရသေးပါဘူး။

"စားရေးသောက်ရေးတော့ ဒုက္ခရောက်တယ်ရှင့်၊ ကျွန်မတို့မိသားစုတွေဆို တကွဲတပြားဆီ"

ဆီဟက်ကျေးရွာကနေ မန်နောင်ရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ရှမ်းအဘွားအိုတစ်ဦးက လောလောဆယ့် စားနပ်ရိက္ခာအခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
 
“ အခု လောလောဆယ်တော့ စားရေးသောက်ရေးတော့ နည်းနည်း ဒုက္ခရောက်တယ်ရှင့်။ ကျွန်မတို့ မိသားစုတွေဆိုတော့လည်း တကွဲတပြားဆီ၊ တချို့က ဗန်းမော်မှာ၊ ကျွန်မတို့ အဘိုးကြီး အဘွားကြီး ကတော့ မန်နောင်မှာ အဲလို၊ အခုထိတော့ စည်းစည်းလုံးလုံးနဲ့ မနေရသေးဘူးရှင့်”
 
မိုးမောက်မြို့နယ် အတွင်းက စစ်ဘေးဒုက္ခသည်တွေအရေး အကူညီပေးနေတဲ့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ အရပ်ဘက်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက ဒုက္ခသည်တွေအတွက် အရေးပေါ် လိုအပ်ချက်တွေကို မကြာခင် အကူအညီပေးနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ပြောပါတယ်။
 
“စစ်ရှောင်တွေကတော့ ရက်ကြာလာတာနဲ့အမျှ သူတို့က ပင်ပန်းလာတယ်။ အခုသူတို့ ယာယီ စစ်ရှောင် နေရတဲ့ နေရာတွေက ဘုန်းကြီးနဲ့ အမျိုးတို့အိမ်မှာ နေနေတယ်။ ဒါတွေက လနဲ့ချီ ကြာလာတာနဲ့အမျှ ဘယ်လိုမှ အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းမှာရော၊ အိမ်မှာနေတဲ့ဟာရော ကျွန်တော်တို့ သွားတွေ့မိ သလောက် ဒါအများစုက သမံတလင်းပေါ်မှာ အိပ်နေရတဲ့ အခြေအနေ ရှိတယ်ပေါ့နော်။ အဲဒါတွေက ဘယ်လိုမှ အဆင်မပြေဘူး။ အဲဒါကြောင့်မို့ ဒါမဖြစ်မနေ တချို့လည်း သေနတ်သံစဲတဲ့ မဖြစ်မနေ အိမ်ပြန် ရတာမျိုးတွေ ရှိနေတယ်။ ဒါပေမဲ့ အခုတော့ မတတ်နိုင်တော့ ပြန်ပြေးရတာမျိုးတွေ ရှိတယ်ပေါ့ဗျာ။ စစ်ရှောင်တွေအနေနဲ့ အဓိက အခက်အခဲကတော့ နေရာထိုင်ခင်းက ဘယ်လိုမှ အဆင်ပြေ မနေဘူး ပေါ့နော်။ အဲတော့ ကျွန်တော်လည်း သက်ဆိုင်ရာ INGO တွေနဲ့ ဆက်သွယ်ဆွေးနွေးပြီးမှ ဒီ Campတွေ အရေးပေါ် လုပ်နိုင်ဖို့ကို ကြိုးစားနေကြတာပေါ့နော်”
 
ကချင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်ဖွယ် ရှိတဲ့အတွက်ကြောင့် ဒုက္ခသည် အရေအတွက်ဟာလည်း ထပ်တိုးလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိ ကချင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တစ်ခုတည်းသာမကဘဲ မြောက်ပိုင်းမဟာမိတ် တပ်အင်အားစုတွေဖြစ်တဲ့ MNDAA နဲ့  ရက္ခိုင့်တပ်တော် AA တို့ပါ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ မိုးမောက်မြို့နယ် ဒေသခံရွာသားတွေက ပြောပါတယ်။
 
မြောက်ပိုင်းမဟာမိတ် တပ်အင်အားစုတွေ ပါဝင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
 
RFA ရဲ့ မှတ်တမ်းတွေအရ ကချင်ပြည်နယ်က ဒီတိုက်ပွဲတွေကြောင့် ဒီနေ့အထိ သေဆုံးခဲ့ရသူဟာ သံဃာတော် နှစ်ပါးနဲ့ အရပ်သား ၁၅ ဦး အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူဦးရေ ၃၀ ကျော်အထိ ရှိနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။