ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ်သောင်းခန့် ရှိလာ
2021.04.29
တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲတွေ ပိုပြင်းထန်လာနေသလို တိုက်ပွဲတွေကြောင့် ဒီနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း တစ်သောင်းခန့် ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ မိုးမောက်မြို့နယ်အတွင်းက နှစ်ဖက်တိုက်ပွဲတွေဟာ ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဆီဟက်၊ ကုန်းလော့ ၊ မြို့သစ် ၊ မတ်ကွိုင်၊ နော့ကုန်း၊ မခွယ်၊ နန့်မှော်ချောင်း၊ ရွှေဟင်္သာ၊ နွယ်ရင်း၊ ခုံဆင်း စတဲ့ ရွာတွေမှာက ဒေသခံ တစ်သောင်းခန့်ဟာ ဗန်းမော်၊ မိုးမောက်၊ မြစ်ကြီးနား စတဲ့မြို့တွေက စစ်ဘေးဒုက္ခသည်စခန်းတွေကို ထွက်ပြေး တိမ်းရှောင်နေကြရသလို နီးစပ်ရာ ဘာသာရေးကျောင်းတွေမှာလည်း ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေဟာ နေ့ရောညပါ ရှိနေတာတွေကြောင့် ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးနေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါတယ်။
“အခုအနေထားကတော့ တော်တော်ကြီးကို ပြင်းထန်တယ်လေယာဉ်နဲ့ကို။ ညညဆို တရက်လုံး ပြောရမယ်ဆို (၂၄) နာရီပတ်လုံး အခုလည်း ပစ်နေတာပါ။ လေယာဉ်နဲ့ကို ပတ်ပစ်နေတာ အကြီးကျယ်ကြီးပဲ။ အောက်ကလည်း အများကြီး ရွာတွေက ။ ဒုက္ခတွေကတော့ ဆီဟက်တို့ ၊ ကုန်းလောတို့၊ မြို့သစ်တို့ အဲ့ဒီအထက် လူတွေနေလို့မရတော့ဘူးလေ အခုဟာက ။ အခု လူတွေက သောင်းချီလောက်ဖြစ်ပြီရော ရွာတိုင်းဆိုတော့"
မိုးမောက်မြို့နယ်အတွင်းမှာ ဧပြီလ ၁၀ ရက်နေ့ကစတင်ခဲ့တဲ့ ဒီတိုက်ပွဲတွေအတွင်း သံဃာတော်တပါး အပါဝင် အရပ်သား (၁၀) ဦးသေဆုံးခဲ့ပြီး ကျွဲနွားတိရိစ္ဆာန်(၂၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆီဟက်၊ ကုန်းလော့၊ မြို့သစ်၊ မတ်ကွိုင်၊ ခုံဆင်း စတဲ့ကျေးရွာတွေမှာ နေအိမ်(၃၀) ထက် မနည်းမီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ပွဲဟာ ပိုပြင်းထန်လာလို့ ကျေးရွာမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရသူတွေ စားဝတ်နေရေး အရမ်းခက်ခဲနေတယ်လို့ ဆီးဟက်ကျေးရွာမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့မိုင်းထောင်ထားတဲ့ဟာတွေက နွားတွေနင်းမိတဲ့အခါကျတော့ နွားတွေလည်း သေကြတယ်။ ကျွန်မတို့ကလေ အရမ်းဒုက္ခရောက်နေပြီ အခုဒီမှာ။ ဘယ်လိုပြောမလဲ အခုဒေသသီးနှံတွေကလည်း ထွက်ပြီလေ။ အဲ့ဒါလယ်တောလည်း သွားလို့ မရတော့ဘူး။ စွန့်လွှတ်ထားတဲ့ ပုံစံမျိုးပါ့အေ။ ဘယ်သူမှ လယ်တော မသွားရဲကြတော့ဘူး။ စစ်ဘေးရှောင်ကတော့ ကျွန်မတို့ တည်းတဲ့အိမ်က မိသားစု (၅) စုရှိတယ်။ သူတို့အိမ်ရှင်က တတ်နိုင်သလောက် ရှိတာလေးတော့ ချကျွေးတာပေါ့အေ။ ကျွန်မတို့လည်း တတ်နိုင်သလောက် အပြင်မှာ ထွက်ရှာစားကြတယ်။ ဟင်းတွေဘာတွေ တောထဲမှာ လိုက်ရှာတယ်”
လက်ရှိဖြစ်ပွါးနေတဲ့ ကချင်တပ်မတော်(KIA)နဲ့ တပ်မတော်တို့ကြား မိုးမောက်မြို့နယ်တွင်းက စစ်ပွဲတွေကြောင့် စစ်ဘေးသင့် ပြည်သူတွေအများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၁၂ နောက်ပိုင်းကာလကပင် တိုက်ပွဲတွေ ငြိမ်သက်နေရာကနေ အခုတပ်မတော်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။
ဖေဖော်ဝါရီလ(၁၅) ရက်ကနေစပြီး ဖားကန့်မြို့နယ်အတွင်းက ဆယ်စင်းကျေးရွာဘက်ကနေစတင်လာခဲ့တဲ့ တိုက်ပွဲတွေဟာ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်ဂျာယံအထူးသေ တဝိုက်နဲ့ ဗန်းမော်၊ မိုးမောက်မြို့နယ်တွေအထိ ကျယ်ပြန့်လာခဲ့တာပါ။
ရက်ပေါင်း ၇၀ ကျော်အတွင်းမှာ တိုက်ပွဲပေါင်း (၄၀) ထက်မနည်းရှိပြီး တပ်မတော်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်တဲ့ရက်ပေါင်း (၂၀) ထက်မနည်း ရှိခဲ့တယ်လို့လည်း ကချင်စစ်ရေးလေ့လာသူတွေကပြောပါတယ်။
လက်ရှိ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော်က အခုစစ်ပွဲ တွေဟာ ပုံမှန်လို ဖြစ်နေကျ သာမန်စစ်ပွဲမဟုတ်ဘဲ တပ်မတော်ကနေ အာဏာသိမ်းမှုကနေ စလာခဲ့တဲ့ တော်လှန်ရေးစစ်ပွဲဖြစ်တာကြောင့် ရှည်ကြာနိုင်တယ်လို့ သုံးသပ်မိန့်ကြားပါတယ်။
“အမြင်သဘောထားကတော့ အခုဟာက ရောနေတာကို။ လူထုတော်လှန်ရေးနဲ့ စစ်ရေးနဲ့ ရောနေတဲ့ အတွက် ကြောင့်မို့ နာတာရှည် ဒုက္ခဖြစ်မယ့်အနေထားကြောင့် ဒီတခေါက်ကတော့ အခါတိုင်းက ရိုးရိုးစစ်ကနေ အခုကကျ အဲ့လိုမဟုတ်ဘဲ တော်လှန်တဲ့ တော်လှန်ရေးစစ်လိုမျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီတစ်ခေါက်တော့ ဘယ်သူမှ အရှူံးမပေးကြဘဲနဲ့ အသည်းသန်ကြီးတိုက်ကြမယ်ဆိုတော့ တိုင်းပြည်လည်း ညောင်းမယ် ပင်ပန်းမယ်။ လူတွေလည်းနှစ်ရှည်လများဖြစ်လိမ့်မယ်လို့ အဲ့လိုမြင်မိပါတယ်”
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ကတော့ အခုတိုက်ပွဲတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ အဓိကဖြစ်ပွားနေတာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ပွဲရော၊ ခုခံတိုက်ပွဲရော၊ ကာကွယ်တိုက်ပွဲရော ဖြစ်နေတဲ့အခြေနေမို့ စစ်ရေးအရ တင်းမာနေတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ် ။
KIA/KIO အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးမှာ ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမှာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲကတော့ လောလောဆယ်ကတော့ ငြိမ်သက်သွား နိုင်တာကို မတွေ့ရပါဘူး။ ဒီထက်ပိုပြီးတော့မှ ပြင်းထန်လာနိုင်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ပြည်သူလူထုကလည်း မြို့တွင်းမှာဖြစ်ဖြစ် တောထဲမှာဖြစ်ဖြစ် ကျွန်တော်တို့ရှိတဲ့ နေရာတွေက စစ်ရေးကို လေ့လာပြီးတော့မှ နေနေရမယ်။ သတင်းကတော့ နားစွင့်မှ နေရမယ်။ နိုင်ရမယ့် အနေထားဖြစ်ပါတယ် ။ ဒီစစ်အာဏာရှင်ပြုတ်ကျရေးကတော့ ပြည်သူလူထုကလည်း ပါဝင်ရမှာဖြစ်ပါတယ် ။ ကိုယ်ရတဲ့နည်းနဲ့ ကိုယ်ရတဲ့ ကာယနဲ့ ဉာဏနဲ့ ပါဝင်မှသာလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထုကလည်း ဒီစစ်ပွဲကို အနိုင်ရအောင် ပါဝင်ပေးရမှာဖြစ်တယ်”
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုခရီးစဉ်မှာ တပ်မတော်ရဲ့ ပြည်သူ့အာဏာသိမ်းမှု၊ ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွဲသတ်ဖြတ်မှုတွေကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အနေနဲ့ လက်ခံမှာ မဟုတ်သလို စစ်ဏာရှင် စနစ်ပြုတ်ကျရေးအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင် တော်လှန်ရေးဆင်နွှဲနေတာဖြစ်လို့ စစ်ရေးအနေနဲ့ ပိုတင်းမာတဲ့အခြေနေတွေ ဆက်ရှိနေမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ကချင်ပြည်နယ်တွင်းမှာ လက်ရှိအနေထားရ တပ်မတော်ဘက်က အပြင်းထန်ဆုံးစစ်ဆင်ရေးပြုလုပ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက တပ်မတော်ရဲ့ အလောဘွမ်တောင်ကိုတော့ KIA က ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေတွေအပြင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
ကချင်ပြည်နယ်တွင်းမှာ တပ်မတော်က အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည်စခန်း ၄၀ ကျော်မှာ ဒုက္ခသည်တစ်သိန်းနှစ်သောင်းကျော် ရှိခဲ့ရာကနေ အခု စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ စစ်ပွဲတွေကြောင့် နောက်ထပ်ဒုက္ခသည်ပေါင်း တစ်သောင်းကျော် ရှိလာတာလည်း ဖြစ်ပါတယ်။