တိုက်ပွဲတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်


2018.05.27
kachin-refugees-go-back-622.jpg အင်ဂျန်းယန်မြို့ပေါ်မှာ ထွက်ပြေးခိုလှုံနေခဲ့ကြတဲ့ နေရပ်ပြန်မယ့် စစ်ဘေးဒုက္ခသည်အချို့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Ja Seng Hkawn Maran - facebook

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အနီးတဝိုက်ကျေးရွာတွေကနေ မြို့ပေါ်ကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစပြီး နေရပ်ပြန်နေကြပြီလို့ အကူအညီပေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

နယ်မြေတွေ ရှင်းလင်းနေပြီ ဖြစ်သလို တောင်ယာလုပ်ငန်းတွေ အချိန်မီပြန်လုပ်ချင်တဲ့အတွက် ပြန်ကြတာဖြစ်တယ် လို့ အင်ဂျန်းယန်မြို့နယ်  ပြည်နယ်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါင် က ပြောပါတယ်။

"သူတို့ ရွာတွေကို သူတို့ အုပ်ချုပ်ရေးပိုင်းတွေနဲ့အတူ ပြန်ပြီးဆင်းကြည့်ကြတယ်၊ မနေ့က ရွာ ၂ ရွာက သူတို့ရဲ့ ရွာတွေကို ပြန်ကြတာပေါ့နော်၊ အဲမှာထားတဲ့ တပ်မ ၃၃ ကလည်း တပ်ပြန်ရွှေ့သွားပြီလို့ ပြောတယ်၊ သူတို့ ကိုယ်တိုင် သွားကြည့်ပြီးတော့ ပြောတယ်၊ သူတို့ရဲ့ အိမ်ရာတွေကိုလည်း မပစ်ချင်ပါဘူး၊ သူတို့ရဲ့ အိမ်မွေး တိရိစ္ဆာန်တွေလည်း ရှိတယ်၊ သူတို့ တောင်ယာ လယ်လုပ်ငန်းတွေကိုလည်း အချိန်မီပြန်ရသလောက်လည်း လုပ်ချင်ပါတယ် ဆိုပြီးတော့ မနေ့က သူတို့ပြန်ကြတာ၊ မနေ့တစ်နေ့ကတော့ အင်ဝိုင်းကောက်က ရွာသားတွေ ပြန်တယ်၊ မနေ့ကတော့ အင်လောက်ယန်က ရွာသားတွေ ပြန်တယ်၊ မနေ့ကအထိကတော့ လူက ၂၀၀ ဝန်းကျင်လောက်နဲ့ အိမ်ထောင်စုက ၄၀ ကျော်လောက်ရှိမယ်၊ အဲမှာ အုပ်ချုပ်ရေးကတော့ ဒု ခရိုင်မှူးက ရှိနေသေးတယ်၊ လိုက်စောင့်ရှောက်ပေးနေတဲ့ အနေအထားတော့ ရှိနေသေးတယ်"

အင်ဂျန်းယန်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ အင်လောက်ယန်နဲ့ အင်ဝိုင်းကောင်ကျေးရွာတွေက ဒေသခံတွေဟာ မေလ ၂၅ ရက်နေ့ကစပြီး နေရပ်ပြန်နေကြတာ မနေ့ကအထိ အိမ်ထောင်စု ၄၀ နဲ့ လူဦးရေ ၂၀၀ ရှိနေပြီ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကိုတော့ အင်ဂျန်းယန်မြို့ပေါ်မှာပဲ ဆက်လက်ထားရှိပြီး အင်ဂျန်းယန် အထက ကျောင်းမှာ လာမယ့်ဇွန်လကစပြီး ပညာသင်ကြားခွင့်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အင်လောက်ယန်နဲ့ အင်ဝိုင်းကောင်ကျေးရွာတွေကနေ မြစ်ကြီးနားက ကယ်ဆယ်ရေးစခန်းတွေနဲ့ ဝိုင်းမော်ဘက်ကို ထွက်ပြေးရောက်ရှိနေသူတွေကိုလည်း အုပ်ချုပ်ရေးအဖွဲ့ဘက်က စာရင်းကောက်ယူနေပါတယ်။

အဲဒီကျေးရွာ ၂ ရွာက ဒေသခံတွေဟာ အစိုးရတပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် မေလ ၁၀ ရက်နေ့ လောက်ကစတင်ကာ အင်ဂျန်းယန်မြို့ပေါ်ကို ထွက်ပြေးလာကြပြီး ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း တနိုင်း၊ အင်ဂျန်းယန်၊ မိုးကောင်း၊ ဖားကန့် စတဲ့ဒေသတွေမှာ ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၄ ထောင်လောက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။