တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးနဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆန္ဒပြလမ်းလျှောက်ပွဲကို ဗကသများအဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ်လူငယ် တွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါး လွတ်မြောက်ဖို့နဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုဆန္ဒပြတာလို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက တိုင်းရင်းသားရေးနဲ့ လူမျိုးစုရေးရာ တာဝန်ခံ ကိုဇေယျက ပြောပါတယ်။
"အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ ကချင်ပြည်နယ် တောထဲမှာ ဒုက္ခသည် ၅ ထောင်ကျော်ဟာ ပိတ်မိနေတယ်၊ အဓိကတော့ သူတို့ကို လွတ်မြောက်စေဖို့အတွက် ကျနော်တို့က တောင်းဆိုတာဖြစ်တယ်၊ နောက်ပြီတော့ တပါတည်း ကျနော်တို့က တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက်ပါ ကျနော်တို့ တောင်းဆိုတာပါ"
ရန်ကုန်မြို့ မော်တင်မှတ်တိုင်ကနေ မဟာဗန္ဓုလပန်းခြံအထိ လမ်လျှောက်ဆန္ဒပြခဲ့တာဖြစ်ပြီး ကချင်လူငယ်တွေ အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့က လူဦးရေ ၃၀ နီးပါး ပါဝင်ပါတယ်။ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံဘေးမှာ ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုတာတွေနဲ့ ပြည်တွင်းစစ်ရပ်ဖို့အတွက် ဟောပြောခဲ့ပါတယ်။
ဒီနေ့ ဆန္ဒပြလမ်းလျှောက်ပွဲကို ခွင့်ပြုချက်လျှောက်ထားပြီး ပြုလုပ်တာမဟုတ်တဲ့အတွက် လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား နဲ့ လမ်းမတော်မြို့နယ်တွေမှာ ရဲတပ်ဖွဲ့က တားဆီးကန့်သတ်တာတွေ ရှိခဲ့ပါတယ်။
မေလ ၅ ရက်နေ့ မနေ့ကလည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ကချင် စစ်ဘေးဒုက္ခသည်တွေအတွက် ငွေကြေးအလှူခံခဲ့ပေမယ့် ခွင့်ပြုချက်နဲ့ လုပ်တာမဟုတ်လို့ဆိုပြီး ဦးဆောင်သူတွေကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း ရဲမှူးက ပြောခဲ့တယ်လို့ ကိုဇေယျက ဆိုပါတယ်။
ဆန္ဒပြတဲ့ ခေါင်းဆောင်လူငယ်တွေကတော့ ကချင်ပြည်နယ်က ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေကို ကယ်ထုတ်နိုင်ခွင့်ရတဲ့ အချိန်အထိ ဆန္ဒပြပွဲတွေအပါအဝင် တခြားနည်းလမ်းတွေနဲ့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်က ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီဖို့ ဗကသများအဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ်လူငယ်တွေက အလှူငွေတွေကောက်ခံနေတာ ၃ ရက်ရှိနေပြီဖြစ်ပြီး ရရှိလာတဲ့ အလှူငွေတွေကို ဒုက္ခသည်တွေထံ ပေးအပ် လှုဒါန်းသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် မန္တလေးနဲ့ ပြည်မြို့အပါအဝင် တခြားမြို့တွေမှာလည်း ကချင်ပြည်နယ်က ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် တွေ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ KIA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ် မန်လွယ်ရွာနဲ့ တနိုင်းမြို့နယ် အောင်လောဒ့် ကျေးရွာက ရွာသူရွာသား ငါးထောင်နီးပါး ပိတ်မိနေလို့ သိရပါတယ်။