ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဂျာပူရွာအနီး တောင်ယာလုပ်နေတဲ့ စစ်ဘေးဒုက္ခသည် သုံးဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းက ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးသွားပြီး ဒီနေ့ထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက ၀ိုင်းမော်မြို့နယ် မိုင်းနား ကက်သလစ် စစ်ဘေးဒုက္ခသည်စခန်းက အသက် ငါးဆယ်အရွယ် ဦးယော်ဆောင်၊ အသက် ၃၅ နှစ်အရွယ် ဦးမရူလဒွဲနဲ့ မိုင်းနား KBC စစ်ဘေးဒုက္ခသည်စခန်းက အသက် လေးဆယ်အရွယ် ဦးအင်ခွမ်နော်ဂျာတို့ ဖြစ်ကြပါတယ်။
စစ်တပ်က ဖမ်းဆီးပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဇူလိုင်လ ၁၇ ရက်နေ့က ညနေ ၃ နာရီလောက်ကနေ ဖမ်းဆီးသွားတယ်။ သူတို့ တောင်ယာလုပ်နေတဲ့ နေရာမှာ စစ်ကြောင်းထိုးလာပြီး ဖမ်းဆီးသွားတာပေါ့။ အဲဒီကတည်းက အခုချိန်ထိ သတင်းအစအန မရတော့ဘူး။ အဆက်မသွယ်လည်း မရတော့ဘူး။ ကျွန်တော်တို့လည်း လိုက်တော့စုံစမ်းနေတယ်”
စစ်ကြောင်းထိုးလာတဲ့ ဂျာပူရွာဘက်မှာ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကဆိုပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ ဂျာပူရွာနဲ့ ကပ်ရပ်ရွာဖြစ်တဲ့ ဒဘတ်ယန်ရွာက ဒေသခံ ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးကိစ္စတွေတော့ သူ့အနေနဲ့ မသိပေမယ့် စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်နေတာတွေ ရှိတယ်လို့ RFA ကိုဖြေဆိုထားပါတယ်။
KIA ဌာနချုပ် လိုင်ဇာမြို့အနီး မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က နမ်ဆန်ယန်ရွာဘက်ကို စစ်ကောင်စီတပ်က အင်အား တစ်ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဇူလိုင်လ ၂ ရက်နေ့ကစလို့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။