ဆယ်စုနှစ်ကြာတိုက်ပွဲကာလအတွင်း ကချင်စစ်ရှောင်တစ်သိန်းကျော် နေရပ်မပြန်နိုင်သေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စင်ကြိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၀၊ ဇွန် ၁၈ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စင်ကြိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို ၂၀၂၀၊ ဇွန် ၁၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ရဲ့ ၂၀၁၁ ခုနှစ်တုန်းက တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ခဲ့တာဟာ ဇွန်လ ၉ ရက်နေ့ ဒီကနေ့မှာ ဆယ်နှစ်တိတိ ရှိခဲ့ပြီဖြစ်ပြီး ကချင်လူထု တစ်သိန်းနှစ်သောင်းလောက် နေရပ်မပြန်နိုင်ကြသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ဒု-သမ္မတ ဒူဝါလရှီလ က ပြောပါတယ်။

ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်အနေနဲ့ ကချင်ပြည်သူတွေကို ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုပြောကြားထားတာပါ။

တိုက်ပွဲကြောင့် ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း က စစ်ရှောင်တစ်သိန်းကျော်ဟာ ဒီနေ့အထိ နေရပ် မပြန်နိုင်ကြသေးဘဲ ဒုက္ခမျိုးစုံကို ခံစားရင်း စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရသလို လက်ရှိ စစ်တပ်က အာဏာသိမ်းဖြစ်စဉ်ကြောင့် ယခင်စစ်ရှောင်တွေဟာ “နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း” ဆိုတဲ့ စကားပုံအတိုင်း ပိုပြီးခက်ခဲတဲ့ဘဝတွေကို ဖြတ်သန်းနေရတယ်လို့ ဒု-သမ္မတ ဒူဝါလရှီလ ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် မူဝါဒရေးရာ၊ မဟာဗျူဟာတွေကို ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေသလို ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသား အင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ကြိုးပမ်းဆောင်ရွက်နေတာကြောင့် ကချင်လူထုဘက်ကလည်း ဝိုင်းဝန်း ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကချင်စစ်ပွဲ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂကလည်း အချက် ငါးချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ အဲဒီအချက် ငါးချက် တွေကတော့ သက်ဆိုးရှည်နေတဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေချိန် အာဏာသိမ်းမှုကြောင့် လက်နက်ကိုင် တော်လှန်ရေးတွေ ထပ်မံအရှိန်ကောင်းလာပြီး လူထုသွေးထွက်သံယိုဖြစ်မှာကို စိုးရိမ်ကြောင်း စစ်ရှောင်တွေအတွက် အခြေခံစားသောက်ကုန်နဲ့ နေထိုင်ရေးကိစ္စတွေကို နိုင်ငံတကာအဖွဲ့တွေက ဆက်လက် ကူညီပေးဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့တွေက လက်တွေ့ ကျကျ ကူညီပေးဖို့၊ အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်နေတာတွေ ရပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အာဏာရှင်ကျရှုံးရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နည်းမျိုးစုံနဲ့ ပြည်သူလူထုတွေက လက်တွဲညီညီ ပါဝင်ကြဖို့ တိုက်တွန်း ထားပါတယ်။

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KIO ဟာ ၁၉၉၄ ခုနှစ်မှာ တပ်မတော်နဲ့ အပစ်ရပ် ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဆယ်နှစ်ကျော်ကြာ စစ်တပ်နဲ့တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လမှာ ကချင်ပြည်နယ်ထဲက ကေအိုင်အေ စစ်စခန်းတွေကို စစ်တပ်ကပြန်လည် တိုက်ခိုက်တာ ကနေ ကချင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန်စစ်ပွဲတွေ ပြန်စလာခဲ့တာပါ။

တိုက်ပွဲကြောင့် ကချင်ပြည်နယ်အတွင်းက ဒေသခံတွေဟာ တရုတ်-မြန်မာ နယ်စပ် လိုင်ဇာနဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မန့်ဝိန်းကြီး စတဲ့နေရာတွေမှာ တိမ်းရှောင်နေကြရတာပါ။ လက်ရှိ အခြေအနေမှာဆိုရင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဟာ စစ်ကောင်စီတပ်နဲ့ ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား နေပါတယ်။