ကချင် ဒုက္ခသည် ပြန်လွှတ်မှု တရုတ်ငြင်းဆို
2012.06.26

ယူနန်ပြည်နယ်ထဲက ကချင် စစ်ပြေးဒုက္ခသည်တွေ တစ်သောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာ အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း၊ တရုတ်အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးဖို့၊ နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အလားတူ - သတင်းတစ်ရပ်မှာလည်း တရုတ်အာဏာပိုင်တွေဟာ ကချင်ဒုက္ခသည်တချို့ကို အဓမ္မ နှင်ထုတ်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ပြန်သွားသူတွေဟာ ဒုက္ခသည်တွေ မဟုတ်ဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီ က ငြင်းဆိုပါတယ်။ သူတို့ဟာ ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်ပြည်ဘက်ခြမ်းက ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီက အကူအညီရဖို့ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ပဋိပက္ခတွေ လျော့ပါးသွားတဲ့အခါ ကိုယ့်ဒေသ ကိုယ်ပြန်သွားခဲ့ကြတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။