ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီတွေ ပိုလိုအပ်နေ

ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေဟာ ဆောင်းရာ သီရောက်လို့ ရာသီဥတု ဆိုးလာတာနဲ့အမျှ အကူအညီတွေပိုပြီး လိုအပ်နေတဲ့အတွက် သူတို့ကို ထောက်ပံ့ကူညီ တာတွေ တားဆီး ပိတ်ပင်တာတွေမလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Mrs. Valerie Amos က မြန်မာအစိုးရကို ပန်ကြားလိုက်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေ နဲ့ အစိုးရတပ်ကြားဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးကြရသူ ဒေသခံ ၇ သောင်းခွဲလောက်ထဲမှာ တဝက်ကျော်လောက်ကို ကုလသမဂ္ဂကအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှာတွေ ပိတ်ပင်တားမြစ်ခံံထားရတယ်လို့ လက်ထောက် အတွင်းရေးမှူးချုပ် ဗယ်လာရီ အားမိုစ့်ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ပြင်ပမှာရှိနေပြီး အကူအညီတော်တော်များများ လိုအပ်နေတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၃ သောင်း ၉ ထောင်လောက်ကို ကုလသမဂ္ဂက ကူညီဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို ပြည်တွင်းလူမှုရေးအဖွဲ့တွေက စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင်တချို့ ထောက်ပံ့ကူညီနေပေမယ့်၊ ဆောင်းရာသီရောက်လာတာနဲ့အမျှ သူတို့လက်ထဲမှာ စားသောက်စရာ လုံလုံလောက်လောက် မရှိကြတော့သလို၊ အခြားအသုံးအဆောင်ပစ္စည်းတွေလဲ အရေးပေါ်ကူညီဖို့လိုအပ်နေပြီလို့ မစ္စ ဗယ်လရီကပြောပါတယ်။