ငြိမ်းချမ်းရေးမရှိလို့ နယ်မြေအေးချမ်းရေး မဆောင်ရွက်နိုင်တာဖြစ်ကြောင်းပြော

ဖားကန့်ဒေသမှာ ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပဋိပက္ခတွေအပါအဝင် နယ်မြေအေးချမ်း တည်ငြိမ်ရေး မဆောင်ရွက်နိုင်တာဟာ ငြိမ်းချမ်းရေးမရတာကြောင့်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဒီနေ့ ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောခဲ့တာဖြစ်ပါတယ်။

"ဘာကြောင့် မဆောင်ရွက်နိုင်လဲဆိုတဲ့အခါကျတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ ကုမ္ပဏီ ကလည်း သူ့ရဲ့ လုံခြုံရေးကို သူကိုယ်တိုင်လည်း ဘာမှ အာမခံချက်မရှိဘူး။ တချိန်လုံး ကျနော်တို့က လုံခြုံရေးပေးနိုင်လားဆိုတော့ မပေးနိုင်ဘူး။ ဧရိယာ စတုရန်းမိုင်ပေါင်း သုံးထောင်နီးပါးလောက်ရှိတယ်။ အင်မတန်မှ ကျယ်ပြန့်တယ်။ အဲဒီဟာကလည်း ပြဿနာတခု။ နောက်ဆုံးပြောရရင် ငြိမ်းချမ်းရေး မရလို့ ဘာမှလုပ်လို့မရတဲ့သဘော။ ထိထိရောက်ရောက် စနစ်တကျ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့ဟာ ဖြစ်နေတယ်။ အခု လတ်တလော ပြဿနာက ငြိမ်းချမ်းရေးမရသေးတော့ ဒီလို ပရမ်းပတာ Lawless ဧရိယာဖြစ်နေတယ်။ ငြိမ်းချမ်းရေးမရသေးတဲ့အတွက် ဒါပါပဲ နောက်ဆုံးကျတော့"

ဒီနေ့ တေ့ွဆုံပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေမဆေးသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့တစ်ဦးရဲ့ မိသားစုဝင်တွေနဲ့ မြေမြုပ်မိုင်းထိမှန်ပြီး ဒဏ်ရာရခဲ့သူတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြည်ထောင်စုနဲ့ ပြည်နယ် အစိုးရ၊ သက်ဆိုင်ရာ အစိုးရ ဋ္ဌာနတွေနဲ့ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အကြံပြုချက်တွေပါတဲ့ စီမံချက်အကြမ်းကို အမြန်ဆုံး ရေးဆွဲဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က တိုက်တွန်းခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မနေ့က လူမှုဝန်ထမ်းဦးစီးဋ္ဌာနရဲ့ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို သွားရောက်ခဲ့ပြီး ဒီကနေ့မှာ ဝိုင်းမော်မြို့နယ်က စစ်ဘေးကယ်ဆယ်ရေးစခန်း တချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။