ရွာသားတွေကို ပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက် တောင်းဆို


2016.12.01
govt-army-620.jpg ကင်းလှည့်နေတဲ့ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်၊ ဖောင်ဂျွန်းပါကျေးရွာက အရပ်သား ၇၀ လောက်ကို အစိုးရတပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လွှတ်ပေးဖို့အတွက် အခုလို အရေးပေါ်ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဦးဂွမ်ရှာအောင် က ပြောပါတယ်။

"ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အရပ်သားတွေကို ချက်ခြင်းလွှတ်ပေးဖို့၊ အစိုးရတပ်မတော်ကော ဒီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော အားလုံး လက်ရှိဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ် တန့်ပေးဖို့ လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းပေးဖို့ကို ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်"

ဖမ်းဆီးခံရသူ လူဦးရေ ၇၀  ထဲက တရုတ်နိုင်ငံသား ၁၂ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ ပြီး မြန်မာနိုင်ငံသား ၂ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ကြေညာချက်မှာ ရေးသားထား ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ အရပ်သားတွေကို အစိုးရတပ်မတော် ဘက်က ဖမ်းဆီးခဲ့တယ်လို့ သိရကြောင်း ဦးဂွမ်ရှာအောင် က ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ အရပ်သား ၅၀ ကျော်မှာ ကချင်၊ လီဆူနဲ့ ရှမ်း တိုင်းရင်းသားတွေ ပါဝင်နေပြီး ကျား၊ မ အရေအတွက်ကို အတိအကျမသိရသေးဘူးလို့ ပြောပါတယ်။

လက်ရှိမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား မုံးကိုးဖက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေ ဆဲလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။