ကချင်တိုက်ပွဲတွေ လုံးဝရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် နယူးဇီလန်မှာ ဆန္ဒပြ

ကချင်ဒေသတိုက်ပွဲများ အပြီးအပိုင် ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဆန္ဒပြပွဲနဲ့ ဆုတောင်းပွဲ ကို နယူးဇီလန်နိုင်ငံ Auckland မြို့ရှိ ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေက ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အော်ကလန်မြို့တော်၏ အလယ်ဗဟိုဖြစ်သော Queens Street ရှိ မြို့တော်ခန်းမရှေ့ လမ်းဆုံမှာပြုလုပ်တဲ့ ဆန္ဒထုတ်ဖေါ်ပွဲကို အစပထမက ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူ ၅၀ လောက်နဲ့ နယူးဇီလန်စံတော်ချိန် မနက် ၁၁း၀၀ နာရီမှာ စတင်ကျင်းပခဲ့ပေမယ့် တဖြေးဖြေး ကရင်၊ ချင်း၊ မြန်မာ၊ ရခိုင်၊ ကရင်နီ၊ ရှမ်း၊ မွန် စတဲ့ တခြား မြန်မာတိုင်းရင်းသားတွေ ပါဝင်အားပေးလာကြပါတယ်။

အထူးသဖြင့် ကချင်တိုင်းရင်းသူ ကလေးတွေက တိုင်းရင်းသားဝတ်စုံကလေးတွေကို လှပသေသပ်စွာဝတ်စားပြီး ဆန္ဒပြကြပုံကို အော်ကလန်မြို့သူ၊ မြို့သားများအပြင် ကမ္ဘာလှည့်ခရီးသည်များက ဝင်ရောက်အထူးအားပေးကြပါတယ်